မိုးဗြဲမြို့အနီးတိုက်ပွဲ စစ်တပ် အထိနာ သေဆုံးမှု များ၊ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများ ဖမ်းမိ

By MPA

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနီးရှိ စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်များက တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်းသင်တန်း၌ ချေမှုန်းရေးဆုရရှိသူအပါအဝင် အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်းများ လည်း ဖမ်းဆီးရမိခဲ့ကြောင်း ကရင်နီတပ်ပေါင်းစုထံက သိရသည်။

ဇွန်လ ၂၈ ရက်၊ နံနက် ၅ နာရီခန့်တွင် မိုးဗြဲနှင့် နန်းမယ်ခုံကြားရှိ “လွယ်ယင်းမင်္ဂလာတောင်ကုန်း” သို့ စစ်ကြောင်းထိုးလာသည့်တပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့ (JOC) စစ်ကြောင်း ၁၊ ကရင်နီအမျိုးသား များကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA) နှင့် ကလလတ တပ်ဖွဲ့တို့က ပူးပေါင်း ချေမှုန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်သားများ ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့ပြီး သေဆုံးသူများထဲတွင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ တွင် “ချေမှုန်းရေးအကောင်းဆုံးဆု” ရရှိထားသည့် စစ်မှုထမ်း တပ်သားတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

ယင်းတိုက်ပွဲအပြီးတွင် လက်နက်ခဲယမ်း အများအပြားအား သိမ်းဆည်းရမိခဲ့ကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ (JOC) စစ်ကြောင်း ၁ မှ ကရင်နီတပ်မတော် (KA) ရဲဘော်တစ်ဦး တိုက်ပွဲအပြီး၌ စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ်သည် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက မိုးဗြဲမြို့အနီးတစ်ဝိုက်ကို စိုးမိုးမှုရယူရန်နှင့် မိုးဗြဲ – နန်းမယ်ခုံ – ဒီမော့ဆို လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကြောင်းထိုးလှုပ်ရှားမှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

“အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က မိုးဗြဲကနေ စစ်ကြောင်းထွက်လာပြီး တောင်ကုန်းတစ်ခု အရောက်မှာ ဒီဘက်က တပ်ပေါင်းစုတွေက ပူးပေါင်းချေမှုန်းခဲ့တာပါ။ နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးလာတဲ့ ဒီတပ်ဖွဲ့တွေထဲမှာ ပြည်သူ့စစ် စစ်မှုထမ်းတပ်သားသစ်တွေ အများဆုံးပါ တယ်” ဟု တပ်ပေါင်းစုတွင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်တပ်က မိုးဗြဲနှင့် လွိုင်ကော်ဘက်မှနေ၍ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေသည့် အပြင် ဒရုန်းများဖြင့်ပါ တိုက်ခိုက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး သေဆုံးကာ လူကြီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။