ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြရန် တောင်းဆိုမှု ရက်၇၀ပြည့် သည့်တိုင် စစ်အုပ်စု လျစ်လျူရှုဆဲ

ဓာတ်ပုံ- All In One Piece Movement

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှားရှိနေကြောင်း ခိုင်မာသော သက်သေပြရန် တောင်းဆိုသည့် Proof of Life ကင်ပိန်း လှုပ်ရှားမှု ရက်ပေါင်း ၇၀ ပြည့်သည့်တိုင် စစ်အုပ်စုက လျစ်လျူရှုနေဆဲဖြစ်ကြောင်း All In One Piece Movement က သတင်းထုတ်ပြန်သည်။

Proof of Life ကမ်ပိန်းကို ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က ဦး ဆောင်ကာ ဧပြီ၂၁ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့(ဇွန်၂၉ရက်)တွင် ရက်ပေါင်း၇၀ ပြည့်ပြီဖြစ်သည်။

စစ်အုပ်စုက လျစ်လျူရှုနေသဖြင့် ယခုထက် ပိုမိုပြင်းထန်ထိရောက်သော အစီအစဉ်များဖြင့် ဆက်လက်တောင်းဆိုရန် စီစဉ်လျက်ရှိကြောင်း All In One Piece Movement က ဆိုသည်။

“အခု မအလ က ဗိုလ်ချုပ်ရုပ်တုတွေကို တစ်ခုပြီးတစ်ခု လိုက်ဖျက်ဆီးနေတာဟာ ဒေါ်အောင်ဆန်းစု ကြည်အရေး တောင်းဆိုချက်တွေနဲ့ သက်ဆိုင်သူအားလုံး စားပွဲဝိုင်းများ အဖြေရှာကြလို့ဆိုတဲ့ အာဆီယံဘုံသဘောတူညီချက်၅ ရက်ကို လက်တွေ့နင်းချေပြနေတာပဲ”ဟုမုံရွာအခြေစိုက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက MPA သို့ပြောသည်။

All In One Piece Movement နှင့်အတူ ပြည်သူများ ပူးပေါင်းပါဝင်နိုင်ရန် အစီအစဉ်များကို ဆက် လက်ထုတ်ပြန်ပေးမည်ဟုလည်း ဆိုသည်။

ပြည်တွင်း၊ပြည်ပရှိ မြန်မာပြည်သူများသာမက နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒေါ်အောင်ဆန်းစု ကြည်ကို မိသားစု သို့မဟုတ် ရှေ့နေအဖွဲ့နှင့် တွေ့ဆုံခွင့်ပြုရန်နှင့် ချက်ချင်းလွှတ်ပေးရန် တောင်းဆို ခဲ့သော်လည်း စစ်အုပ်စုက ယန့ထိတိုင် မသိချင်ယောင်ဆောင်မြဲဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ဇွန်လ ၂၇ရက် ညနက်ပိုင်းတွင် စစ်အုပ်စုက ဘူဒိုဇာနှင့်ထိုးကာ ဖြိုချဖျက်ဆီးခဲ့သည်။