မွန်ပြည်နယ်၊ရေးမြို့နယ်၊ဟံဂံရွာတွင် ဂတ်စ်အိုးပေါက်ကွဲပြီး မီးလောင်ကျွမ်းခဲ့ရာ ၂ထပ်အိမ်တစ်လုံး ပြာကျခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်၊ဟံဂံကျေးရွာ၊ ၁၃ရပ်ကွက်တွင် ဇွန်လတစ်ရက်၊ည၇နာရီခန့်၌ ထမင်းဟင်းချက်ပြုတ်နေ စဉ် ဂက်စ်ပေါက်ကွဲကာ မီးလောင်ကျွမ်းခဲ့ပြီး မြို့နယ်မီးသတ်၊ပရဟိတအဖွဲ့များနှင့် ဒေသခံတို့ ပူး ပေါင်း ငြှိမ်းသတ်ခဲ့ကြရာ ည၈နာရီခန့်၌ မီးငြိမ်းသွားကြောင်း ရန်ကြီးအောင်အရန်မီးသတ်နှင့် လူမှု ကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ထားသည်။
“စစချင်း ပေါက်ကွဲသံကြားတော့ ရေးမြို့နယ်ဆိုတာက သိတဲ့အတိုင်းပဲလေ။သို့လော၊သို့လောပေါ့။ ပြီးတော့မှ မီးလောင်တာ ဝိုင်းငြှိမ်းကြတာ။ဘာကြောင့် ဂက်စ်အိုးပေါက်သလဲ မသိဘူး။ အဲဒီအိမ်က ၂ထပ်အိမ်၊အကုန်ကုန်တာပဲ။ဘေးအိမ်တွေကို မကူးဖို့ တော်တော်လုပ်ယူလိုက်ရတယ်ပြောတယ်။ အားလုံးညီကြတာလည်း ပါတယ်။လူတော့ ထိခိုက်မှုမရှိဘူး”ဟု ဟံဂံရွာ ပရဟိတအဖွဲ့များနှင့် နီးစပ် သော ရေးမြို့သားတစ်ဦးက MPAသို့ပြောသည်။
ဟံဂံရွာသည် အိမ်ထောင်စု ၁၈၀၀ကျော်ရှိသည့် ကျေးရွာအုပ်စုအဆင့် ရွာကြီးတစ်ရွာဖြစ်သည်။
