နေပြည်တော်ရှိ အတုအယောင်လွှတ်တော်အစည်းအဝေးသို့ အလာလမ်းတွင် စုံရက်ဖြစ်သော်လည်း မ,ကား စီးလာမိသည့် လင်းခေးအမတ်သည် ယာဉ်ထိန်းရဲများ၏ နာမည်မှတ်ခြင်းခံခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ယနေ့ ဇွန် ၂ ရက်တွင် ကျင်းပသည့် အတုအယောင် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌ မော်တော်ယာဉ် စုံ/မ သတ်မှတ်မှုနှင့်ပတ်သက်၍ လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်က မေးခွန်းမေးမြန်းခဲ့သည်။
စက်သုံးဆီများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုနှင့်ပတ်သက်၍ အတုအယောင်လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ချိန် မော်တော်ယာဉ် စုံမ သတ်မှတ်ခြင်းမှာ တကယ့်ပြဿနာတစ်ခုဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။
နေပြည်တော်သို့ အစည်းအဝေးတက်ရောက်ရန် လာသည့်အချိန်တွင်လည်း စုံမကြည့်ပြီး တက်လာရသော်လည်း စုံရက်တွင် ၎င်းတို့စီးနင်းလာသော မော်တော်ယာဉ်သည် မဂဏန်းဖြစ်နေခြင်းကြောင့် နေပြည်တော်ဂိတ်အရောက်၌ ယာဉ်ထိန်းရဲက ၎င်းတို့၏ နာမည်များကို မှတ်သားသွားခြင်းခံခဲ့ရကြောင်း လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်အမတ်က လွှတ်တော်တုတွင် မေးခွန်းမေးမြန်းချိန်အတွင်း ထည့်သွင်းပြောကြားသည်။
“ကျွန်တော်လည်း နေပြည်တော်မှာ အစည်းအဝေးတက်ဖို့ ကျွန်တော်တို့ တက်လာတဲ့အချိန်မှာ ကျွန်တော်တို့က စုံမကြည့်ပြီးတော့ တက်လာရပါတယ်ဗျာ့။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ဂိတ်မှာရောက်ပြီဆိုရင် ကျွန်တော်တို့ ကားတွေက မဂဏန်းဆိုတော့ အဲဒီမှာ စုံရက်ဖြစ်နေတော့ မော်တော်ပီကယ်လည်း ခေါ်ပြီးတော့ ကျွန်တော်တို့ နာမည်တွေ မှတ်ထားပါတယ်။ အဲဒါ တကယ့်ပြဿနာကြီး ဖြစ်နေပါတယ်။ ဒါကတော့ ကျွန်တော် အခုတင်ပြဆွေးနွေးတာကတော့ ပြည်ထောင်စုဝန်ကြီးအနေနဲ့ အဲဒီ စုံမကိစ္စကို ကျွန်တော်တို့ကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ အဲဒါ ကျွန်တော် မေးချင်ပါတယ်ဗျာ့” ဟု စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်က ပြောကြားသည်။
သို့သော် ယနေ့အတုအယောင်လွှတ်တော်ကို တက်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူကတော့ စုံမစနစ်ကို မဖျက်ပေးဟူသည့်သဘောသက်ရောက်သည့် “မူဝါဒ” ဟုသာ တုံ့ပြန်ခဲ့သည်။
မော်တော်ယာဉ် စုံ/မ သတ်မှတ်မှုနှင့် စက်သုံးဆီ ချွေတာရေးသည် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒဖြစ်သည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ကိုယ်ပိုင်ယာဉ်များအတွက် စုံရက် စုံကား၊ မရက် မကားသာ မောင်းနှင်ခွင့်ရှိသည့် စုံ/မစနစ်သတ်မှတ်ချက်ကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကစတင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထိုစနစ်ကို ပယ်ဖျက်ပေးရန် ပြည်တွင်းနေ ကိုယ်ပိုင်ကားပိုင်ရှင်များက ကျောင်းကြိုပို့နှင့် အလုပ်သွား/ပြန်တို့ကို အဓိကအကြောင်းပြပြီး အပြင်းအထန်တောင်းဆိုနေကြသည်။
စာတည်း – ကိုထားဝယ်
