မုံရွာမြို့ စက်မှုဇုန်ထဲ အလုပ်ဆင်းချိန်တွင် ရက်ဆက်ဆိုသလို ပေါ်တာဆွဲနေ

ဓာတ်ပုံ-MR ပုံစာ-မုံရွာမြို့ပေါ်တွင် ပေါ်တာပတ်ဆွဲခဲ့သော အိမ်စီးကား။

မုံရွာမြို့၊စက်မှုဇုန်ထဲတွင် စစ်မှုထမ်းအတွက် နေ့စဉ်ရက်ဆက် ပေါ်တာဆွဲနေကြောင်း သိရသည်။

စက်မှုဇုန်နယ်မြေထဲတွင် အလုပ်ဆင်းချိန်ဖြစ်သော ညနေ၄နာရီမှစတင်ကာ ကားများဖြင့် လှည့်လည် ကာ ပေါ်တာဆွဲမှုများ နေ့စဉ်မပြတ်ရှိကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ် ပြန်သည်။

“ပေါ်တာဆွဲနေတာကတော့ တစ်မြို့လုံးပတ်ဆွဲနေတယ်။နေရာသတ်သတ်မှတ်မှတ်နဲ့ ပုံမှန်ဆွဲနေ တယ်လို့ ပြောနိုင်တာက စက်မှုဇုန်နဲ့ အလုပ်သွား အလုပ်ပြန် စုရပ်တစ်ခုလို ဖြစ်နေတဲ့နေရာတွေပါ။ လူငယ်တွေက ထမင်းလေးနပ်မှန်ဖိ့ ဘဝနဲ့ရင်းပြီး အလုပ်လာလုပ်ရသလို ဖြစ်နေတယ်”ဟု မုံရွာအ ခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

ညနေ ၄ နာရီနောက်ပိုင်းတွင် မုံရွာမြို့ စက်မှုဇုန်နယ်မြေအတွင်းသို့ လူငယ်နှင့် လူလတ်ပိုင်းများ သွားလာခြင်းမပြုကြရန် မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးထားသည်။

မုံရွာမြို့၊ချင်းတွင်းမြစ်ကမ်းဘေးရှိ အရေးပါသော ကူးတို့ဆိပ်တစ်ခုဖြစ်သည့် နန်ချွန်ဆိပ်တွင် ယနေ့ (ဇူလိုင်၂၇ရက်)နံနက် ၉နာရီခန့်၌ စစ်သားများ ရောက်ရှိလာကာ ပေါ်တာဆွဲခဲ့ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

“နန်ချွန်ဆိပ်၊အိုးရှင်းဆိပ် ပြီးတော့ အလုပ်သွား အလုပ်ပြန်များတဲ့နေရာတွေမှာ စစ်တပ်က လာဆွဲ လေ့ရှိတယ်။ဖြစ်နိုင်ရင် မုံရွာ ကလူငယ်တွေ တော်လှန်ရေးနယ်မြေထဲ ပြောင်းရွှေ့နေထိုင်ကာ အန္တ ရာယ်အကင်းဆုံးပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

ဇူလိုင်၂၅ရက်၊ညနေ၆နာရီခန့်တွင် မုံရွာမြို့၊အိုးရှင်းဆိပ်၌ အလုပ်မှပြန်လာသည့်လူငယ်များအား စစ် တပ်က ပေါ်တာဆွဲခဲ့ကြောင်း သိရသည်။