မြန်မာပြည်သူများ တရုတ်ကိုယုံကြည်အားကိုးသည့်ပုံစံဖြင့် တရုတ်သံရုံး ဝါဒဖြန့်လာ

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး (၇၆) နှစ်ပြည့် အထိမ်းအမှတ်ဟုဆိုကာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက လမ်းသွားလမ်းလာများကို အင်တာဗျူးပြုလုပ်ကာ ၎င်းတို့၏ တရားဝင် Facebook စာမျက်နှာတွင် ဗီဒီယိုတစ်ခု ဖော်ပြခဲ့သည်။

အဆိုပါ ဗီဒီယိုဖိုင်အတွင်း တရုတ်သံရုံးဘက်မှ ပြည်သူသုံးဦးကို ရွေးချယ်မေးမြန်းခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးအပေါ် အမြင်များနှင့် ပတ်သက်၍ မေးခွန်းများ ထည့်သွင်းမေးမြန်းခဲ့ကြောင်း သိရသည်။

အင်တာဗျူးတွင် ဖြေကြားခဲ့ကြသူများက တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုများ ပိုမိုတိုးမြှင့်လိုကြောင်းနှင့် တရုတ်ရုပ်ရှင်၊ အစားအစာ၊ ယဉ်ကျေးမှုများ မြန်မာနိုင်ငံအတွင်း ပျံ့နှံ့လာခြင်းအပေါ် အပြုသဘောဆောင်သည့် သဘောထားများကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ထို့အပြင် တရုတ်ဘာသာစကားကို မြန်မာလူမျိုးများ သင်ယူထားပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်သည်ဟူသော အချက်ကိုလည်း ဖြေဆိုသူများဘက်က ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း ယင်းဗီဒီယိုဖိုင်ပါ အင်တာဗျူးဖြေဆိုသူများ၏ ပုံစံနှင့် အကြောင်းအရာမှာ ကြိုတင်ပြင်ဆင်ထားသော ပုံစံခွက်ထဲမှအတိုင်း ပြောဆိုနေသကဲ့သို့ ရှိနေသည်ဟု ဆိုကာ ကြည့်ရှုသူအများစုက သံသယဖြစ်ဖွယ်ရာ မှတ်ချက်များ ရေးသားခဲ့ကြသည်။

တရုတ်သံရုံး၏ အဆိုပါ ထုတ်ပြန်ချက်အပေါ် လူမှုကွန်ရက်သုံးစွဲသူ မြန်မာပြည်သူများ၏ တုံ့ပြန်မှုများမှာ အလွန်ပြင်းထန်ခဲ့ပြီး ဝေဖန်ရေးမှတ်ချက်များစွာ ဝင်ရောက်လာခဲ့သည်ကို တွေ့ရသည်။

မှတ်ချက်ပေးသူအချို့က “ငါ့ကိုလာမေးပါလား၊ လာမေးရင် အားရပါးရ ဆဲပစ်လိုက်မယ်” ဟု ရေးသားဖော်ပြခဲ့ကြပြီး တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် သဘောထားနှင့် ပတ်သက်၍ ကျေနပ်မှုမရှိကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့ကြသည်။

ထို့ပြင် နောက်ထပ်မှတ်ချက်ပေးသူကလည်း “မင်းတို့ကြိုတင် ဇာတ်တိုက်ထားတာပါကွာ အသိသာကြီး၊ ဇာတ်မတိုက်ပဲ တွေ့ကရာလူလျှောက်ပေးကြည့်ပါလား၊ ငါပြောတာ လူတိုင်းက တရုတ်ကိုမုန်းနေတယ် မကြိုက်ကြဘူးလို့မဆိုလို ဒါပေမယ့် မင်းတို့ဟာက လုပ်ဇာတ်ကြီးမှန်းသိသာတယ် လူတိုင်းက optimistic ဖြစ်နေတာကြီးက” ဟု တရုတ်သံရုံး၏ Facebook Pageတွင် ရေးသားခဲ့သည်။

အလားတူပင် မှတ်ချက်ပေးခဲ့ကြသည့် အခြားပြည်သူများကလည်း ယခုကဲ့သို့သော အင်တာဗျူးမျိုးကို “လုပ်ဇာတ်ကြီး ဖန်တီးပြီး ထုတ်ပြန်ထားခြင်းသာ ဖြစ်သည်” ဟု ဝေဖန်ရှုတ်ချခဲ့ကြသည်။

အချို့ကလည်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ပေးအပ်ခဲ့သော အကျိုးကျေးဇူးများနှင့် ပတ်သက်၍ လက်တွေ့မြေပြင်တွင် ကွဲလွဲမှုများရှိနေကြောင်းနှင့် ပြည်သူအများစု၏ စိတ်ခံစားချက်ကို ထင်ဟပ်ခြင်းမရှိဟု ထောက်ပြခဲ့ကြသည်။

“တရုတ်သံရုံးဘက်က ၇၆ နှစ်ပြည့် သံတမန်ဆက်ဆံရေးအတွက်ဆိုပြီး ဒီလိုဗီဒီယိုမျိုး ထုတ်ပြတာဟာ တစ်ဖက် သတ်ဆန်လွန်းပြီး မြေပြင်က ပြည်သူတွေရဲ့ တကယ့်လက်တွေ့ခံစားချက်နဲ့ လုံးဝ ကွာဟနေတာကို တွေ့ရပါတယ်။ ဖြေတဲ့သူတွေရဲ့ ပုံစံကလည်း တစ်မျိုးဖြစ်နေတော့ ပြည်သူတွေဘက်က လုပ်ဇာတ်လို့ မြင်ပြီး အခုလို တုံ့ပြန်ဆန့်ကျင်ကြတာ မထူးဆန်းပါဘူး။ ဒါဟာ သံတမန်ရေးအရ ပြည်သူ့ဆက်ဆံရေး ဖော်ဆောင်ရာမှာ မြေပြင်အမှန်တရားနဲ့ ပြည်သူ့သဘောထားကို လျစ်လျူရှုလိုက်လို့ ဖြစ်လာတဲ့ အကျိုးဆက်လို့ပဲ သုံးသပ်ရမှာပါပဲ” နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

ယခုဖြစ်စဉ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်ပတ်လည်ကာလတွင် တရုတ်သံရုံး၏ ပြည်သူ့ဆက်ဆံရေး (PR) လုပ်ဆောင်မှုအပေါ် မြန်မာနိုင်ငံရှိ လူမှုကွန်ရက်အသိုက်အဝန်း၏ လက်ရှိ တုံ့ပြန်မှုနှင့် သဘောထားကွဲလွဲမှုများကို ထင်ရှားစွာ ပြသနေသည့် ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။