ဝက်လက်ပြည်သူ ၄ ဦး စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး

ဓာတ်ပုံ - Wetlet Information Network
ရုံးပင်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း။

စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ (ဩဂုတ် ၂၇ ရက်) ညနေ ၅ နာရီ ၁၆ မိနစ် မှ ၅ နာရီ ၁၉ မိနစ်အတွင်း ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းရှိ ရုံးပင်ကုန်းကျေးရွာအနီးသို့ ဂျက်ဖိုက်တာ တစ်စင်းဖြင့် ၄ ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ရာ ရုံးပင်ကုန်းရွာ ဇရပ်အနီး ထိုင်နေသူများနှင့် လမ်းသွားလမ်းလာ အသက် ၄၀ အရွယ် အမျိုးသား ၃ ဦးနှင့် အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း Wetlet Information Network က သတင်းထုတ်ပြန်သည်။

“အဓိကကတော့ လေယာဉ်က ရော့ကတ်ပစ်တာပဲဗျ။အမျိုးသမီးဆိုရင် ကျောရိုးကျိုးသွားတယ်လို့ သိရတယ်ဗျ။ ခေါင်းကိုလည်းမှန်တယ်လို့ သိရတယ်ဗျ။သူပစ်သွားတာက ဇရပ်အနီးအနားလောက် ပစ်သွားတာဆိုတော့ကျ အဲဒီပူလို့မို့ ထိုင်နေရင်းနဲ့ ဖြစ်သွားတာလို့တော့ သိရတယ်ဗျ။ဒီအတိုင်းပဲ ကျနော်တို့က တောအရပ်ဒေသဆိုတော့ကျတော့ ပူတဲ့အခါလည်း ထိုင်တာရှိသလို သွားလာနေတဲ့ အချိန်မှာ ပစ်သွားတာဗျ”ဟု Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဇရပ်လည်း ပျက်စီးသွားကြောင်းသိရသည်။

“ထိခိုက်တဲ့ထဲကတော့ တအားကြီးစိုးရိမ်ရတဲ့သူမရှိတော့ဘူးလို့ သိရတယ်ဗျ။လေယာဉ်ပစ်တဲ့အခါမှာ တိုက်ပွဲမရှိဘူး။ ဘာမှမရှိဘဲနဲ့ အကြောင်းမဲ့သက်သက်ကြီး ပစ်သွားတာပါဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။

လေကြောင်းတိုက်ခိုက်ပြီးနောက် မတ္တရာမြို့ပေါ်မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် အဆက်မပြတ် ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့် ရုံးပင်ကုန်းရွာမှာ ပြည်သူများ ဘေးလွတ်ရာသို့ စစ်ရှောင်နေရကြောင်း သိရသည်။