ဗီယက်နမ်နှင့် ထိုင်းနိုင်ငံသို့ ဖြတ်ကျော်ခဲ့သည့် ကာဂျီမုန်တိုင်းအကြွင်းအကျန်သည် လေပွေလှိုင်းအဖြစ်ပြောင်းလဲပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်းကြောင့် နှစ်ရက်ခန့် မိုးကြီးမည့်အပြင် နောက်ဆက်တွဲအနေဖြင့် မြေပြိုခြင်းနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(ဩဂုတ် ၂၇ရက်)တွင် ထုတ်ပြန်ထားသည်။
လက်ရှိ လေပွေလှိုင်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့ကို ဆက်လက်ဖြတ်ကျော်လျက်ရှိသည်။
ယင်းလေပွေလှိုင်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မုတ်သုံလေဖိအားနည်းမြှောင်တန်းအဖြစ် ဆက်လက်တည်ရှိနိုင်မည်ဟု မိုးဇလက ခန့်မှန်းထားသည်။
“မိုးလယ်ကာလပြီးဆုံးချိန်နဲ့ မိုးနှောင်းကာလအစဖြစ်တဲ့ ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၂ရက်နေ့အတွင်းနဲ့ စက်တင်ဘာ ၃ရက်နဲ့ ၉ ရက်နေ့အတွင်း ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းက တစ်ဆင့် တောင်တရုတ်ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်ပေါ်နိုင်တဲ့ အလားအလာရှိနေတာကြောင့် အရှေ့လေပွေလှိုင်းတွေ မြန်မာနိုင်ငံကိုရောက်လာဖို့ရှိပြီးတော့ မိုးရွာသွန်းမှုတွေ များနေမှာပါ” ဟု အမည်မဖော်လိုသည့် မိုးလေဝသပညာရှင်တစ်ဦးက ပြောသည်။
လေပွေလှိုင်းအရှိန်ကြောင့် ယနေ့မှ ဩဂုတ် ၂၉ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာ၀တီ၊ တနင်္သာရီ၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက် မိုးကြီးနိုင်ကြောင်းသိရသည်။
“မုန်တိုင်းအကြွင်းအကျန်တွေ ဒီနေ့စဝင်လာတယ်။ ၂၉ရက်ကျော်ရင် မိုးပြန်လျော့နည်းသွားပြီး အရှေ့ဘက်က လေဖိအားနည်းရပ်ဝန်းအသစ် တစ်ခုကြောင့် စက်တင်ဘာ လဆန်းပိုင်း တစ်ရက်နေ့ကနေ ငါးရက်နေ့အထိ မိုးတစ်ကြိမ်ပြန်များနိုင်ပါမယ်” ဟု မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
ထို့ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာ၀ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုကို သတိပြုရန် မိုးဇလက အသိပေးထားသည်။
လက်ရှိ လေပွေလှိုင်း၏ သက်ရောက်မှုကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း ၊ ပေါင်းလောင်းမြို့သစ်တွင် မိုးများပြီး ရေကြီး မြေပြိုခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းအပြင် ကာဂျီကီ မုန်တိုင်းကြောင့် ဗီယက်နမ်နိုင်ငံတွင် ၇ ဦးသေဆုံးပြီး ထိုင်းနိုင်ငံ၌ တစ်ဦးသေဆုံးခဲ့ရသည်။
ယခုနှစ်အတွင်း ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် မြေပြိုခြင်းနှင့် ရေကြီးရေလျှံမှုကြောင့် ပြည်သူတစ်သိန်းခန့်ရေဘေးသင့်ခဲ့ရပြီး လူဦးရေ ၅၀ခန့် သေဆုံးခဲ့ရသည်။
