အပူဒဏ်လျော့ကျတော့မည့် အနောက်တောင်မုတ်သုံလေ မေ ၁၃ ရက်မှစ၍ မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်တော့မည်

ဓာတ်ပုံ-MPA
ပုံစာ-ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း မိုးရွာသွန်းနေသည်ကိုတွေ့ရစဉ်

အပူဒဏ်လျော့ကျတော့မည့် အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်မှ စတင်ကာ မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက်တော့မည်ဖြစ်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူများထံမှ သိရသည်။

အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်မှ ၁၇ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့လည်းကောင်း၊ မေလ ၁၈ ရက်မှ ၂၂ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း အသီးသီးဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မေလတတိယပတ်အတွင်း မြောက်ဘက်နှင့် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ အဆိုပါဖြစ်စဉ်သည် အနောက်တောင်မုတ်သုံလေကို မြန်မာနိုင်ငံအတွင်းသို့ ဆွဲတင်ပေးမည့် အဓိကတွန်းအား ဖြစ်လာမည်ဖြစ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

“မေလ ၁၅ ရက်ဝန်းကျင်မှာ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို စတင်ဝင်ရောက်နိုင်ခြေ အလွန်မြင့်မားနေပါတယ်၊ လေစီးကြောင်းတွေရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းဒေသတွေမှာ မိုးရွာသွန်းမှု သိသိသာသာ ပိုလာနိုင်ပါတယ်” ဟု ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

မုတ်သုံလေစတင်ဝင်ရောက်ချိန်တွင် ဖြစ်ပေါ်တတ်သည့် မိုးတိမ်တောင်များကြောင့် ကုန်းတွင်းပိုင်းဒေသများ၌ လေပြင်းတိုက်ခတ်ခြင်းများ ဒေသအလိုက် ဖြစ်ပေါ်နိုင်ကြောင်းလည်း ဦးဝင်းနိုင်က ဆက်လက်ရှင်းပြထားသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်းကမ်းရိုးတန်းဒေသများတွင် မိုးရေချိန် သိသိသာသာမြင့်တက်လာနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူများက ခန့်မှန်းထားသည်။

လာမည့် ၇ ရက်အတွင်း မိုးအလွန်များနိုင်သည့်ဒေသများမှာ မြန်မာကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများဖြစ်သည့် မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီနှင့် ရခိုင်တို့ဖြစ်ပြီး တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် မိုးရေချိန် ၂၈ လက်မအထိ စံချိန်တင်ရွာသွန်းနိုင်ကြောင်းလည်း သိရသည်။

“ဒီမှာတော့ မနေ့က (မေလ ၁၀ ရက်)၊ နေ့ခင်း ၁ နာရီလောက်က ရွာတယ်၊ ဒါပေမဲ့ အရမ်းတော့ မများဘူး၊ ၁ နာရီဝန်းကျင်လောက်တော့ ကြာတယ်၊ ဒီနေ့ (မေလ ၁၁ ရက်) ညနေ ၆ နာရီလောက်ကစပြီး ရွာနေတယ်၊ မိုးဖွဲဖွဲပါပဲ” ဟု ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

မေလဒုတိယ (၁၀) ရက်ပတ်အတွက် ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ၆ ရက်မှ ၈ ရက်အထိလည်းကောင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ၃ ရက်မှ ၅ ရက်ခန့်အထိလည်းကောင်း မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

“မနေ့ကတည်းကတော့ မိုးက ရွာနေတာ၊ ဒီနေ့အထိ မများပေမဲ့ မတိတ်သေးပါဘူး၊ မိုးရွာတော့ အပူလျော့သွားလို့ အတော်တော့ သက်သာသွားပါတယ်၊ ပူနေရာကနေ ရုတ်တရက် မိုးတွေရွာပြီး ရာသီဥတုပြောင်းသွားတော့ အသက်ကြီးတဲ့သူတွေအတွက် ကျန်းမာရေးတော့ ဂရုစိုက်နေရပါတယ်” ဟု မန္တလေးတိုင်း၊ မိတ္ထီလာမြို့ခံပြည်သူတစ်ဦးက ပြောသည်။

မိုးကြိုးအန္တရာယ်အနေဖြင့် မေလဒုတိယပတ်အတွင်း ကုန်းတွင်းပိုင်းအပူရှိန်မြင့်မားမှုနှင့် ပင်လယ်မှ စိုထိုင်းဆဝင်ရောက်မှုတို့ကြောင့် မိုးထစ်ချုန်းရွာစဉ် မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ကို အထူးဂရုပြုရန် လိုအပ်ကြောင်းလည်း သိရသည်။

မေလ ၁၂ ရက်မှ ၁၇ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ပင်လယ်ပြင်တွင် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံပြည်သူများနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများ အထူးသတိပြုရန် လိုအပ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူများက သတိပေးထားသည်။