မွန်ပြည်နယ်၊ပေါင်မြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင် ရထားလမ်းပေါ်တွင် ဒဏ်ရာများဖြင့် သေ ဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းကို ယနေ့ တွေ့ရှိခဲ့ကြောင်း သိရသည်။
ယနေ့(မေ၁၁ရက်)နေ့ခင်း ၁၂နာရီခွဲခန့်တွင် ပေါင်မြို့နယ်၊ဖြူဘကျေးရွာအပိုင် ရန်ကုန်-မော်လမြိုင် ရထားလမ်းပေါ်တွင် အသက်၄၅နှစ်ခန့်ရှိ အမျိုးသားတစ်ဦး သံလမ်း၂ခုကြား၌ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိသဖြင့် ဒေသခံလူမှုကူညီရေးအဖွဲ့များက ရင်းငြိမ်ဆေးရုံသို့ ပို့ဆောင်လိုက် ကြောင်း ရင်းငြိမ်ဒေသခံ ကျန်းမာရေးဝန်ထမ်းတစ်ဦးထံက သိရသည်။
“ရထားကြိတ်တာကတော့ သေချာတယ်ပေါ့နော်။ ရထားလမ်းပေါ် အိပ်ရင်းနဲ့ ဖြစ်သွားတာလား။ ကိုယ့်ဘာသာ ဆူဆိုက်လားတော့ ဘယ်သူမှ မသိဘူး။ခြေထောက်တစ်ဖက်က ပေါင်အရင်းကနေ ပြတ်သွားတယ်။မျက်နှာလည်း ဒဏ်ရာတွေနဲ့”ဟု ၎င်းက MPAသို့ပြောသည်။
အခင်းဖြစ်သည့်နေရာမှာ ဇင်းကျိုက်နှင့် ရင်းငြိမ်ဘူတာကြားတွင် ဖြစ်ပြီး သေဆုံးသွားသည့် အမျိုး သားမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ။
“ဒဏ်ရာတွေက အနံ့တွေဘာတွေ သိပ်မရှိသေးဘူးဆိုတော့ ဒီနေ့ဖြစ်တာလို့ ပြောနိုင်တယ်။မနက် ပိုင်းကလည်း ရထားတွေ ဖြတ်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ပေါင်နှင့် သထုံမြို့နယ်အတွင်း ရထားလမ်းပေါ်တက်အိပ်ရင်း ရထားကြိတ် သေဆုံးသွားသည့်ဖြစ် စဉ်များလည်းရှိကြောင်း သိရသည်။
ဖြူဘကျေးရွာသည် အိမ်ခြေ ၇၀၀ကျော်ရှိသည့် ကျေးရွာအုပ်စုအဆင့် ရွာကြီးတစ်ရွာဖြစ်သည်။
