မန္တလေးမြို့၊ အမရပူရမြို့နယ်အတွင်းရှိ စားသောက်ဆိုင်ကို ဆီဘောက်ဆာကား ဝင်တိုက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူသေဆုံးမှုရှိကြောင်း သိရသည်။
စက်တင်ဘာ၁ရက်၊နံနက်၇နာရီဝန်းကျင်တွင် အမရပူရမြို့နယ်၊ကျောက်စိမ်းဘုရားအနီးရှိ ကောင်း ကင်နန်းတော်စားဥယျာဉ်ကို ဆီဘောက်ဆာကားက ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး နယ်မြေခံမီးသတ်တပ် ဖွဲ့ များက မီးငြှိမ်းသတ်ခဲ့ရာ ၈နာရီကျော်၌ မီးငြိမ်းသွားကြောင်း အမရပူရမြို့ခံတစ်ဦးထံက သိရသည်။
“သိရသလောက် ကားက အရှိန်နဲ့ဝင်တိုက်ပြီး မီးလောင်တာ။ကားသမားပဲ အိပ်ငိုက်ပြီး ဝင်တိုက်တာ လား ဘာလားတော့ မသိဘူး။ဆိုင်ထဲကလူတွေက မထင်ထားဘဲ ဝင်တိုက်ခံရတာမျိုးပါ။၃ဦး သေ တယ်လို့ ပရဟိတသမားတွေပြောတယ်”ဟု ၎င်းက MPAသို့ပြောသည်။
သေဆုံးသူများကို စိစစ်နေဆဲဖြစ်ပြီး ဝင်တိုက်သည့်ယာဉ်မှာ ဂါလန်၉၅၀၀ဆံ့ ဆီဘောက်ဆာယာဉ် ဖြစ်ကြောင်း သိရသည်။
“သေတဲ့သူတွေက ကားပေါ်ကလူတွေလား၊ဆိုင်ကလူလားဆိုတာ သက်ဆိုင်ရာက စိစစ်နေဆဲပါပဲ။ဆိုင်မှာ လာထိုင်နေရင်းနဲ့ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်” ဟု မန္တလေးမြို့ခံ လူမှုကူညီရေးသမားတစ်ဦးကပြောသည်။
သေဆုံးနှင့်ဒဏ်ရာရသူများကို မန္တလေးမြို့လူမှုကူညီရေးအဖွဲ့များက မန္တလေးဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ကြကြောင်း သိရသည်။
