ဇူလိုင် ၁၀ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်နိုင်ပြီး ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ ၅ ပေခန့်အထိ မြင့်တက်လာနိုင်

By MPA

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ပထမ (၁၀) ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်ကာ မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင် ၁ ရက်နံနက်ပိုင်းတွင် ခန့်မှန်းချက်ထုတ်ပြန်လိုက်သည်။

ထို့ပြင် ဧရာဝတီနှင့် ချင်းတွင်းမြစ်အပါအဝင် မြစ်ကြီးအချို့တွင် မြစ်ရေ ၅ ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း ဆိုသည်။

ထုတ်ပြန်ချက်အရ အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှအပ ကျန်ဧရိယာများတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း သိရသည်။

မိုးရွာသွန်းမှုအခြေအနေနှင့် ပတ်သက်၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ တိုင်းတို့နှင့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် မိုးရွာသွန်းမှုသည် ရွာသွန်းမြဲထက် ပိုနိုင်ကြောင်း ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင်မူ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု ခန့်မှန်းထားသည်။

ယင်းအပြင် ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့်အထိ မိုးရွာရက် အများဆုံးရှိနိုင်ပြီး၊ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းအောက်ပိုင်းတို့တွင် ၅ ရက်မှ ၇ ရက်ခန့်အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ဇလဗေဒခန့်မှန်းချက်အနေဖြင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် ၃ ပေမှ ၅ ပေခန့်အထိလည်းကောင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ၂ ပေမှ ၃ ပေခန့်အထိလည်းကောင်း လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

ချင်းတွင်းမြစ်ရေသည်လည်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် ၃ ပေမှ ၅ ပေခန့်အထိ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်ဟု ဆိုသည်။

ကျန်မြစ်ချောင်းများဖြစ်သည့် ပဲခူးမြစ်ရေသည် ဇောင်းတူနှင့် ပဲခူးမြို့တို့တွင် ၂ ပေမှ ၄ ပေခန့်၊ မြစ်သာမြစ်၊ သံလွင်မြစ် (ဘားအံ)၊ သောင်ရင်းမြစ် (မြဝတီ) နှင့် ငဝန်မြစ်တို့တွင် ၂ ပေမှ ၃ ပေခန့်စီ မြင့်တက်နိုင်ပြီး၊ ဒုဋ္ဌဝတီမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ တိုးမြစ်နှင့် ဘီးလင်းမြစ်တို့တွင်လည်း လက်ရှိရေမှတ်များအထက် ၁ ပေမှ ၃ ပေခန့်အထိ အသီးသီး မြင့်တက်လာနိုင်ကြောင်း မိုးဇလက သတိပေးထုတ်ပြန်ထားသည်။