ကိုရီးယား လှိုဏ်ခေါင်းလုပ်ငန်းခွင်တွင် မြန်မာလုပ်သားတစ်ဦး မြေတင်စက်ညှပ်၍ သေဆုံး

ဓာတ်ပုံ-Zaw Moe Aung ဖေ့စ်ဘွတ်ခ်
သေဆုံးသွားသော ကိုအောင်မင်းဦး။

တောင်ကိုရီးယားနိုင်ငံ လှိုဏ်ခေါင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာလုပ်သားတစ်ဦး မြေတင် စက်ညှပ်ကာ သေဆုံးမှု ယနေ့(ဇူလိုင်တစ်ရက်)ညနေပိုင်း၌ ဖြစ်ပွားခဲ့သည်။

ယနေ့ ကိုရီးယားစံတော်ချိန် ညနေ ၆နာရီခန့်တွင် အာဆန်မြို့၊အွန်ဘုန်းမြောင် လှိုဏ်ခေါင်း ဆောက် လုပ်ရေးလုပ်ငန်းခွင်၌ လှိုဏ်ခေါင်းအတွင်းမှ မြေကြီးများကို အပေါ်သို့ စက်ဖြင့် တင်ပေးနေစဉ် လူက စက်ထဲ ပါသွားကာ ကိုအောင်မင်းဦး (ခ) ပီတာဇင်ဦး (၃၇နှစ်) သေဆုံးသွားခြင်းဖြစ်ကြောင်း တောင် ကိုရီးယားတွင် အနေကြာပြီဖြစ်သော ကိုကိုအောင်ထံက သိရသည်။

“စက်ထဲမှာ နာရီဝက်နီးပါး ညှပ်နေတယ်။အလုပ်လုပ်ကြတာ တစ်ဦးနဲ့ တစ်ဦး အလှမ်းကွာကြတော့ သူ စက်ညှပ်နေတာ မသိကြဘူး”ဟု ကိုကိုအောင်က MPAသို့ပြောသည်။

ထို့နောက် အခြားသော နိုင်ငံခြားလုပ်သားတစ်ဦးက စက်ညှပ်နေသည်ကို တွေ့ရှိကြောင်း သိရသည်။

ကိုအောင်မင်းဦး ရုတ်တရက် ကွယ်လွန်မှုနှင့် ပတ်သက်ပြီး လိုဏ်ခေါင်း ဆောက်လုပ်ရေး လုပ်ငန်း ခွင်သို့ ကိုရီးယားရဲများနှင့် အလုပ်သမားရေးရာ ဝန်ထမ်းတို့ ရောက်ရှိလာကာ စစ်ဆေးနေကြောင်း သိရပါသည်။

လုပ်ငန်းခွင်အတွင်း မတော်တဆမှုဖြင့် သေဆုံးခြင်းဖြစ်သောကြောင့် လျော်ကြေးရနိုင်ကြောင်း သိရသည်။

“လျော်ကြေးက ဆွေးနွေးရပါဦးမယ်။ဘယ်လောက်ရမယ်ဆိုတာ ပြောဖို့ ခက်ပါတယ်”ဟု ကိုကို အောင်က ဆက်လက်ပြောသည်။

ကိုအောင်မင်းဦး၏ မိသားစုမှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်ကြပြီး ဇနီး၊ သား၂ယောက် နှင့်သမီးတစ်ယောက် ရှိသည်။