မက္ကဆီကိုတွင် ကမ္ဘာ့ဖလားနိုင်ပွဲကို လူသန်းနှင့်ချီအောင်ပွဲခံမှုအတွင်း ၃ ဦး သေဆုံး

ဓာတ်ပုံ - Getty Images

By BBC

အီကွေဒေါကို အနိုင်ရခဲ့သည့် ပွဲအပြီး အက္ကစီကိုအသင်းပရိသတ်များ၏ အောင်ပွဲခံမှုအတွင်း လူအုပ်ပိတ်ဆို့မှုကြောင့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အပါအဝင် လူ ၃ ဦး အသက်ရှူကျပ်ကာ သေဆုံးသွားကြောင်း မြို့တော်ကျန်းမာရေးအာဏာပိုင်များက ယနေ့ ဇူလိုင် ၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် ထုတ်ပြန်သည်။

ဒေသစံတော်ချိန် ယမန်နေ့က ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပွဲစဉ်တွင် မက္ကဆီကိုအသင်းက အီကွေဒေါအသင်းကို ၂ ဂိုး – ၀ ဂိုး ဖြင့် အနိုင်ရရှိပြီးနောက် မြို့တော်မက္ကဆီကိုစီးတီး လမ်းမများပေါ်သို့ လူဦးရေ ၁ သန်းကျော် ထွက်ကာ အောင်ပွဲခံခဲ့ကြခြင်းဖြစ်သည်။

ယင်းသည် ၁၉၈၆ ခုနှစ်နောက်ပိုင်း မက္ကဆီကိုအသင်းအတွက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် သမိုင်းဝင်နိုင်ပွဲလည်း ဖြစ်သည်။

မြို့လယ်ရှိ လွတ်လပ်ရေးနတ်သမီးကော်လံ (Angel of Independence) အထိမ်းအမှတ်ကျောက်တိုင်နှင့် ပါစီယိုဒီလာရေဖော်မာ (Paseo de la Reforma) လမ်းမကြီးတစ်လျှောက် လူအုပ်ပြည့်နှက်နေစဉ်အတွင်း သတိလစ်သွားသူ ၃ ဦးကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးသူနာပြုစုခြင်းနှင့် နှလုံးနှိုးစက် (CPR) အသုံးပြု၍ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူများမှာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး၊ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၄၄ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ကြပြီး အသက်ရှူကျပ်ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များက အတည်ပြုထားသည်။

မြို့တော်ဝန် ကလာရာ ဘရူဂါဒါ (Clara Brugada) က သေဆုံးသူများ၏ မိသားစုဝင်များကို ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး လိုအပ်သည်များကို ကူညီပံ့ပိုးပေးမည်ဟု ကတိပြုထားသည်။

ထို့ပြင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မိမိတို့အသင်းနိုင်၍ အောင်ပွဲခံရာတွင် တစ်ဦးကိုတစ်ဦး စာနာထောက်ထားမှုရှိရှိ၊ တာဝန်သိသိဖြင့် အသိသတိရှိရှိ အောင်ပွဲခံကြရန် ပရိသတ်များကို တိုက်တွန်းထားသည်။

လူဦးရေ သန်း ၂၀ ကျော် နေထိုင်ပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံး မြို့ကြီးများထဲမှ တစ်ခုဖြစ်သည့် မက္ကဆီကိုစီးတီးတွင် ယခုနိုင်ပွဲကြောင့် အက်ဇ်တီကာ (Estadio Azteca) ကွင်းကြီးအတွင်းနှင့် တစ်မြို့လုံး၌ မီးရှူးမီးပန်းများ ဖောက်ကာ အကြီးအကျယ် အောင်ပွဲခံခဲ့ကြခြင်းဖြစ်သည်။

ယခုနိုင်ပွဲကြောင့် မက္ကဆီကိုအသင်းသည် ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်ပြီး လာမည့် ဗုဒ္ဓဟူးနေ့ပွဲစဉ်တွင် သောမတ်စ်တူချယ် (Thomas Tuchel) ဦးဆောင်သည့် အင်္ဂလန်အသင်းက ဒီအာကွန်ဂို (DR Congo) အသင်းကို အနိုင်ရရှိခဲ့ပါက ၁၆ သင်းအဆင့်တွင် မက္ကဆီကိုနှင့် အင်္ဂလန်အသင်းတို့ ရင်ဆိုင်ရဖွယ် ရှိနေသည်။