နေပြည်တော်ရပ်တည်ချက်ကို ဆန့်ကျင်ကာ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အာဆီယံ ဥက္ကဌ ဖိလစ်ပိုင် ထပ်မံတောင်းဆို

By MPA

မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင်နိုင်ငံက ထပ်မံတောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်ဒဏ်ကျအကျဉ်းသားဖြစ်သောကြောင့် နိုင်ငံတကာဧည့်သည် များနှင့် တွေ့ဆုံခွင့်မရှိကြောင်း နေပြည်တော်ပြောခွင့်ရ ခိုင်ခိုင်စိုးက ဇွန်၃၀ရက် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့ပြီးနောက် ဖိလစ်ပိုင်၏ တောင်းဆိုချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင်အနေနှင့် မြန်မာ့အရေးကို အာဆီယံဘုံသဘောတူချက်၅ရပ်အ တိုင်း ကိုင်တွယ်ဖြေရှင်းသွားမည်သာဖြစ်ပြီး အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ် လာရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အရေးကြီး ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံဌာန ပြောခွင့်ရ၏ ပြောကြားချက်အ ပေါ် အခြေခံကာ ဖိလစ်ပိုင် PNA သတင်းက ဖော်ပြသည်။

“မင်းအောင်လှိုင်က အာဆီယံမူ၅ရပ်ကို ဘာဆိုဘာမှ မဖော်ဆောင်ဘဲနဲ့ အာဆီယံမှာ တရားဝင်မှု ရဖို့ တရုတ်အားကိုးနဲ့ စိတ်ကူးယဉ်နေတာ”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ ပြောသည်။

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှားရှိနေကြောင်း ခိုင်မာသော သက်သေပြရန် တောင်းဆိုသည့် Proof of Life ကင်ပိန်းကိုဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က ဦး ဆောင်ကာ ဧပြီ၂၁ရက်က စတင်ခဲ့ပြီး ပြည်တွင်း၊ပြည်ပရှိ မြန်မာပြည်သူများသာမက နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မိသားစု သို့မဟုတ် ရှေ့နေအဖွဲ့နှင့် တွေ့ဆုံခွင့်ပြုရန်နှင့် ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း စစ်အုပ်စုက ယန့ထိတိုင် မသိချင်ယောင်ဆောင်မြဲဖြစ်သည်။