By Moe Nya / MPA [ အတွေးအမြင်ဆောင်းပါး ]
နွေဦးတော်လှန်ရေး ၅ နှစ်တာခရီးကို ပြန်ကြည့်ရင် ပြည်သူတွေ သွေး၊ ချွေး၊ အသက်တွေ ပုံအောပေးဆပ်ခဲ့ကြလို့ စစ်ကော်မရှင် ဒီလောက်ထိ ဒူးတုန်သွားတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။
ဒါပေမဲ့ မြေပြင်ကွင်းဆင်းကြည့်ရင် တော်လှန်ရေးခရီးက ထင်သလောက် ခရီးမပေါက်ဘဲ အချိန်ဆွဲနေသလို ဖြစ်မနေဘူးလား။ ဒီအတိုင်း ပုံစံဟောင်း၊ အလုပ်လုပ်ပုံအဟောင်းတွေနဲ့ ဆက်သွားနေရင် စစ်အာဏာရှင်အမြစ်ပြတ်ဖို့ ပိုကြာသွားပြီး ပြည်သူတွေပဲ ဆက်ခံရဖို့ ရှိပါတယ်။
အခုအချိန်က NUG အနေနဲ့ ယခင်လုပ်ဟောင်းကိုင်ဟောင်းတွေကို စွန့်ပယ်ပြီး အလုံးစုံ ပြောင်းလဲရေးကို ရဲရဲဝံ့ဝံ့ လုပ်ရမယ့် အလှည့်အပြောင်းပါပဲ။
အစိုးရယန္တရားကြီးကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ စစ်နိုင်ရေး တစ်ခုတည်းကိုပဲ ဦးတည်မယ့် ကျစ်ကျစ်လစ်လစ် ကော်မတီ ၅ ခုနဲ့ ပုံစံအသစ် ကိုစိတ်ကူးယဉ်ပြောင်းလိုက်ကြရအောင်ပါ။
ဗျူရိုကရေစီကို ရိုက်ချိုးပြီး မဟာဗျူဟာမြောက် ကော်မတီ ၅ ခုပဲ ထားခြင်း
ဒီဗျူဟာသစ်ရဲ့ အဓိကသော့ချက်က ရှင်းရှင်းလေးပါ သံတမန်ရေးနဲ့ ဘဏ္ဍာရေးကို ပြည်ပမျက်နှာစာမှာ ထားပြီး၊ စစ်ဦးစီးမှုနဲ့ မြေပြင်ထောက်ပံ့မှုကိုတော့ ပြည်တွင်း ထဲအထိ အပြီးတိုင် ပို့ပစ်ဖို့ပါပဲ။ အဲဒီနေရာတွေမှာလည်း လျင်မြန်ဖြတ်လတ်တဲ့ လူငယ်၊ လူလတ်ပိုင်း တွေနဲ့ အစားထိုးပြီး အရှိန်မြှင့်ရပါလိမ့်မယ်။
စစ်ရေးမဟာဗျူဟာကော်မတီ (ဒါမှမဟုတ်) စစ်ဦးစီးများအဖွဲ့
ဒါက တော်လှန်ရေးတစ်ခုလုံးရဲ့ အဓိက ဦးနှောက်ပါ။ ဒါကြောင့် ပြည်တွင်းမြေပြင်မှာပဲ အခြေစိုက်ရပါမယ်။ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထိပ်ပိုင်း၊ အဓိကမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် (ERO) စစ်ဦးစီးချုပ်တွေနဲ့ မြေပြင်ကွင်းဆင်း လှုပ်ရှားနိုင်တဲ့ လူငယ်လူလတ်ပိုင်း PDF စစ်ဒေသမှူးတွေ ပူးတွဲပါဝင်ရပါမယ်။ အဝေးကနေ Zoom နဲ့ အစည်းအဝေးလုပ်ပြီး အမိန့်ပေးနေတဲ့စနစ်ကို အပြီးတိုင်ဖျက်သိမ်းပြီး၊ မြေပြင်ရှေ့တန်းစစ်ဌာနချုပ်တွေနဲ့ တိုက်ရိုက်ထိစပ်ရာဇုန်ထဲမှာပဲ အခြေစိုက်ပြီး ရန်သူကို ထိပ်တိုက်ရင်ဆိုင် စစ်ဦးစီးကွပ်ကဲရမှာပါ။
လူသားချင်းစာနာမှုနဲ့ စစ်ဘေးရှောင်ကော်မတီ
နောက်ကွယ်က ခံစစ်တံတိုင်းဖြစ်တဲ့ ပြည်သူလူထု စိတ်ဓာတ်မကျဖို့နဲ့ အသက်ရှင်သန်ဖို့ လုပ်ဆောင်ပေးရတဲ့ တော်လှန်ရေးရဲ့ အသက်သွေးကြောမို့ ပြည်တွင်းထဲမှာပဲ ဇောက်ချလုပ်ရပါမယ်။ မြေပြင်မှာ ဒိုင်ဗင်ထိုးလုပ်ကိုင်နိုင်မယ့် ဖြတ်လတ်တက်ကြွတဲ့ လူငယ်လူလတ်ပိုင်း အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ဒေသခံတွေနဲ့ ဖွဲ့စည်းပြီး၊ ရုံးခန်းတွေထဲမှာ၊ ပြည်ပမြို့ကြီးတွေမှာ ထိုင်မနေဘဲ စစ်ဘေးရှောင် (IDPs) စခန်းတွေထဲအထိ တိုက်ရိုက်ဆင်းပြီး ပြည်သူနဲ့အတူ ဒုက္ခခံ၊ အသက်အန္တရာယ်ကြားထဲက လှုပ်ရှားရမယ့်အဖွဲ့ပါ။
ဘဏ္ဍာရေးနဲ့ သုံးစွဲရေးကော်မတီ
ငွေကြေးမရှိဘဲ စစ်ပွဲကို မဆင်နွှဲနိုင်ပါဘူး။ ဒါကြောင့် ရသမျှငွေကို စစ်ရေးအနိုင်တိုက်ရေးမှာပဲ ရာနှုန်းပြည့် ပုံအောသုံးစွဲဖို့ ထိန်းကျောင်းရမယ့် ပြည်ပအခြေစိုက်အဖွဲ့ ဖြစ်ပါတယ်။ နိုင်ငံတကာ ဘဏ္ဍာရေးလမ်းကြောင်းတွေကို နားလည်ပြီး ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်တဲ့ လူငယ်၊ လူလတ်ပိုင်း စီးပွားရေးပညာရှင်တွေနဲ့ ဖွဲ့စည်းရပါမယ်။ လုံခြုံစိတ်ချရတဲ့ ပြည်ပမျက်နှာစာကနေ ငွေကြေးစီးဆင်းမှု ကွန်ရက်ကို ထိန်းချုပ်ပြီး၊ နွေဦးထီ၊ ဘွန်းတွေကရတဲ့ ရန်ပုံငွေတွေကို ခေတ်မီ စနစ်တွေနဲ့ စုဆောင်းရပါမယ်။ ပြီးရင် တော်လှန်ရေးနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ ရုံးစရိတ်၊ အုပ်ချုပ်ရေးစရိတ်တွေကို သုညအထိ လျှော့ချပြီး ဘတ်ဂျက်အားလုံးကို ရှေ့တန်းက စစ်လက်နက်နဲ့ ရိက္ခာဝယ်ယူရေးထဲပဲ တိုက်ရိုက်စီးဆင်းစေရမှာပါ။
နိုင်ငံတကာဆက်ဆံရေးကော်မတီ
ကမ္ဘာ့အလယ်မှာ စစ်ကော်မရှင်ကို သံတမန်ရေးအရ အသေသတ်ပြီး တော်လှန်ရေးအတွက် အသိအမှတ်ပြုမှု ရှာဖွေရမယ့် သံတမန်စစ်မျက်နှာ ဖြစ်လို့ ပြည်ပမှာ အခြေစိုက်လှုပ်ရှားရပါမယ်။ ဝါရင့်သံတမန်တွေနဲ့အတူ ကမ္ဘာ့ဘာသာစကားနဲ့ သံတမန်ရေးရာ ကစားကွက်တွေကို ချက်ချင်းတုံ့ပြန်နိုင်စွမ်းရှိတဲ့ လူငယ်လူလတ်ပိုင်း နိုင်ငံတကာဥပဒေ၊ နိုင်ငံရေး ကျွမ်းကျင်သူတွေ ပါဝင်ရပါမယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေကြား ပြည်ပမျက်နှာစာမှာ ဗြောင်ကျကျ လှုပ်ရှားပြီး၊ စစ်ကော်မရှင်အပေါ် စီးပွားရေး၊ လေယာဉ်ဆီနဲ့ လက်နက်ပိတ်ဆို့မှုတွေ ပိုပြတ်သားလာအောင် တွန်းအားပေးရပါမယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ အင်အားကြီးနိုင်ငံတွေဆီကနေ စစ်ရေးနဲ့ နည်းပညာဆိုင်ရာ တိတ်တဆိတ် ပံ့ပိုးမှုတွေရအောင် ဆွေးနွေးညှိနှိုင်းရပါလိမ့်မယ်။
ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ
အဖွဲ့အစည်းအားလုံးကို ကော်ရည်လို စေးကပ်နေအောင် လုပ်ပေးရမယ့် နိုင်ငံရေးမဟာမိတ်တံတား မို့လို့ အတွင်းလိုင်းမှာပဲ အလုပ်လုပ်ရပါမယ်။ ERO ခေါင်းဆောင်တွေ၊ ဝါရင့်နိုင်ငံရေးသမားတွေနဲ့အတူ မြေပြင်က သပိတ်ကော်မတီခေါင်းဆောင် လူငယ်တွေ ပါဝင်ရပါမယ်။ မြေပြင်ချိတ်ဆက်သူတွေနေရာမှာတော့ ဖြတ်လတ်တက်ကြွပြီး ဆုံးဖြတ်ချက်မြန်တဲ့ လူငယ်လူလတ်ပိုင်းတွေကိုပဲ မဖြစ်မနေ အစားထိုးရပါမယ်။ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ ဌာနချုပ်တွေအထိ ကိုယ်တိုင်ဆင်း၊ အတူတူနေထိုင်ရင်း ယုံကြည်မှု တည်ဆောက်ပြီး မြေပြင်ပွတ်တိုက်မှုတွေကို ချက်ချင်း အနီးကပ် ဖြေရှင်းပေးရမှာပါ။
ဗဟိုချုပ်ကိုင်မှုကို စွန့်ပယ်ပြီး မဟာမိတ်တွေအပေါ် တာဝန်လွှဲအပ်ခြင်း
လွန်ခဲ့တဲ့ ၅ နှစ်အတွင်း စစ်ရေးအရ အဓိကရုန်းကန်ခဲ့ရတဲ့ အကြောင်းရင်းတစ်ခုက NUG-MOD အနေနဲ့ တစ်နိုင်ငံလုံးက တော်လှန်ရေးအင်အားစုအားလုံး၊ PDF အားလုံးကို မိမိတို့ရဲ့ တိုက်ရိုက်ဗဟိုချုပ်ကိုင်မှုအောက် သွတ်သွင်းဖို့ ကြိုးစားခဲ့တာကြောင့်ပါ။ ဒီဗဟိုချုပ်ကိုင်မှုမူဝါဒဟာ မြေပြင်စစ်ရေးအတွေ့အကြုံ ကွာဟချက်တွေ၊ ဒေသန္တရအခြေအနေတွေနဲ့ လက်နက်ခဲယမ်းထောက်ပံ့မှုအပိုင်းတွေမှာ အားနည်းချက်ဖြစ်စေပြီး စစ်ရေးအရှိန်ကို တန့်သွားစေခဲ့ပါတယ်။
အခုလို စစ်အနိုင်တိုက်ရမယ့်အချိန်မှာ NUG-MOD အနေနဲ့ အားလုံးကို မိမိအောက် သွတ်သွင်းမယ့် မူဝါဒကို စွန့်ပယ်ပြီး မြေပြင်မှာ စစ်ရေးစွမ်းဆောင်ရည်နဲ့ ဩဇာတိက္ကမ အမှန်တကယ်ကြီးမားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တွေအပေါ် လုပ်ပိုင်ခွင့်နဲ့ တာဝန်ကို ရဲရဲဝံ့ဝံ့ လွှဲအပ်ခြင်း ဗျူဟာကို ပြတ်ပြတ်သားသား ကျင့်သုံးရပါမယ်။
NUG-MOD ဆိုတာ စစ်မြေပြင်တိုင်းကို လိုက်လံအမိန့်ပေးနေတဲ့ သာမန်စစ်ဌာနချုပ်တစ်ခု မဟုတ်တော့ပါဘူး။ တော်လှန်ရေးအင်အားစုအားလုံး စစ်နိုင်ဖို့ နောက်ကွယ်က ပံ့ပိုးပေးရမယ့် မဟာဗျူဟာမြောက် အဖွဲ့အစည်းသာ ဖြစ်ရပါမယ်။
လက်ရှိမြေပြင်မှာ စစ်ရေးဗျူဟာနဲ့ တိုက်ရည်ခိုက်ရည်ပိုင်း အတောင့်တင်းဆုံးလို့ သက်သေပြထားတဲ့ ရက္ခိုင့်တပ်တော် (AA) အပါအဝင် KNU၊ KIA ကဲ့သို့သော ဝါရင့်မဟာမိတ်တွေကို မိမိတို့နဲ့ ထိစပ်နေတဲ့ စစ်ဒေသတွေမှာ PDF တွေနဲ့ အခြားကွက်ကျားအဖွဲ့တွေကိုပါ ပူးပေါင်းကွပ်ကဲခွင့်၊ စစ်သင်တန်းပေးခွင့်နဲ့ စုဖွဲ့မှုပြန်လည်ပြုလုပ်ခွင့် တာဝန်တွေကို ဥပဒေကြောင်းအရော၊ စစ်ရေးအရပါ အပြည့်အဝ လွှဲအပ်ရပါမယ်။ NUG က ပြောရင် မနာခံတဲ့ မြေပြင်အဖွဲ့အချို့ဟာပင် AA လို စစ်နိုင်နေတဲ့ တပ်ဖွဲ့တွေရဲ့ စစ်ရေးဦးဆောင်မှုကိုတော့ သဘာဝကျကျ လေးစားလိုက်နာကြပါတယ်။ ဒီအချက်ကို မာနတွေဘေးဖယ်ပြီး မဟာဗျူဟာမြောက် အသုံးချရပါမယ်။
စစ်မျက်နှာအလိုက် တာဝန်ခွဲဝေမှု
ရခိုင်၊ ကချင်၊ စစ်ကိုင်းအထက်ပိုင်းနဲ့ အရှေ့မြောက်စစ်မျက်နှာ: AA၊ KIA နဲ့ ညီနောင်မဟာမိတ်တွေက အဓိကထားပြီး ရန်သူ့တပ်မဌာနချုပ်ကြီးတွေကို အပြတ်အသတ် ချေမှုန်းဖို့ တာဝန်ယူရပါမယ်။ KNU၊ KNPP နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကော်မရှင်ရဲ့ အခြေစိုက်စခန်းကြီးတွေရှိရာ နယ်မြေတွေကို ပိတ်ဆို့ဖြတ်တောက်ဖို့ တာဝန်ယူရပါမယ်။
မဟာမိတ် ERO တွေရဲ့ စစ်ရေးဦးဆောင်မှုအောက်မှာ ပူးပေါင်းပါဝင်ရင်း စစ်ကောင်စီရဲ့ စီးပွားရေးအချက်အချာကျတဲ့ မြို့ကြီးတွေနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ဒိုင်ဗင်ထိုး တိုက်ခိုက်ရပါမယ်။
ဗဟိုချုပ်ကိုင်မှုကိုပဲ ဖက်တွယ်ထားတဲ့ ဝန်ကြီးဟောင်း၊ လူကြီးဟောင်းတွေနေရာမှာ မဟာမိတ်တွေရဲ့သဘာဝနဲ့ မြေပြင်အခြေအနေကို နားလည်တဲ့ “လူငယ်၊ လူလတ်ပိုင်း စစ်ရေးနဲ့ နိုင်ငံရေးခေါင်းဆောင်များ” ကို အစားထိုးပြီး၊ မဟာမိတ်ဌာနချုပ်တွေအထိ ကိုယ်တိုင်ဆင်းကာ စစ်မြေပြင်ဗျူဟာတွေကို လျင်လျင်မြန်မြန် ချိတ်ဆက်ဆောင်ရွက်ရပါမယ်။
ပြောက်ကျားစစ်ကနေ “၁၀၂၇ ပုံစံ” တရစပ်ထိုးစစ်ကြီးတွေဆီ သွားကြစို့
စစ်ပွဲတစ်ခုရဲ့ သဘောသဘာဝအရ ပြောက်ကျားစစ်ဆိုတာ ရန်သူကို အင်အားချည့်နဲ့အောင် နှောင့်ယှက်ပိတ်ဆို့ရာမှာ ထိရောက်ပေမယ့်၊ ရန်သူ့ယန္တရားကို အပြီးတိုင်ချေမှုန်းပြီး စစ်နိုင်ရေးဆီတော့ မခေါ်ဆောင်နိုင်ပါဘူး။ ပြောက်ကျားစစ် သက်တမ်းကြာရှည်လေ ပြည်သူလူထု စစ်ဒဏ်ခံရလေဖြစ်ပြီး စစ်ပွဲက အဖြေမထွက်ဘဲ အချိန်ဆွဲရာ ရောက်စေပါတယ်။ ရန်သူ့စစ်စခန်းကြီးတွေကို အပြီးတိုင် သိမ်းပိုက်တာ၊ တပ်မဌာနချုပ်တွေကို အမြစ်ပြတ်ချေမှုန်းတာနဲ့ မြို့ပြတွေကို အလုံးစုံ ထိန်းချုပ်တာမျိုး လုပ်နိုင်မှသာ စစ်အနိုင်တိုက်ရေးမူဝါဒက အကောင်အထည် ပေါ်လာမှာပါ။
ဒါကြောင့် ရန်သူ့ကို နှောင့်ယှက်ရုံပဲ တတ်နိုင်တဲ့ ပြောက်ကျားစစ်စာမျက်နှာကို ပိတ်ပြီး၊ ရှမ်းမြောက်မှာ စစ်ကော်မရှင်ကို ခေါင်းမထောင်နိုင်အောင် တိုက်ထုတ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးလို အရှိန်အဟုန်မြှင့် အကြီးစားစစ်ဆင်ရေးတွေ ဆီကို မဖြစ်မနေ အဆင့်မြှင့်တင် ကူးပြောင်းရပါမယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဒေသအလိုက် စစ်မျက်နှာတွေကို တစ်ပြိုင်နက်တည်း ဖွင့်ပြီး ရန်သူ့စစ်ကူလမ်းကြောင်းတွေကို ဖြတ်တောက်ရပါမယ်။ ရှေ့တန်းက ဒရုန်းတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကို ထပ်မြှင့်ပြီး အသေခံဒရုန်းတွေ၊ လေကြောင်းဗုံးကြဲမှုတွေနဲ့ ရန်သူ့အမြောက်ကုန်း၊ ဆက်သွယ်ရေးစနစ်တွေကို အရင်ဖျက်ဆီးပြီးမှ ခြေလျင်တပ်တွေ ဝင်ရောက်စီးနင်းတဲ့ ဗျူဟာကို ကျင့်သုံးရပါမယ်။
ပိတ်မိနေတဲ့ ရန်သူ့တပ်ရင်းတွေကို အလံဖြူပြလာအောင် တိုက်ခိုက်ဖို့ လက်နက်ငယ်တွေနဲ့ မလုံလောက်တော့ပါဘူး။ ရှေ့တန်းစစ်မျက်နှာအလိုက် လက်နက်ကြီးတွေနဲ့ နည်းလမ်းစုံနဲ့ ရရှိထားတဲ့ ရန်သူ့သံချပ်ကာယာဉ်တွေကို အထိရောက်ဆုံး ပူးပေါင်းအသုံးပြုရပါမယ်။
ရန်သူ ပြင်ဆင်ချိန် မရအောင် ရက်ပိုင်း၊ သီတင်းပတ်ပိုင်းအတွင်း စခန်းပေါင်းများစွာကို တရစပ် သိမ်းပိုက်ရမယ့် စစ်ဆင်ရေးဖြစ်လို့ မြေပြင်ခေါင်းဆောင်တွေဟာ လျင်မြန်ဖြတ်လတ်ပြီး ချက်ချင်းဆုံးဖြတ်ရဲတဲ့ လူငယ်၊ လူလတ်ပိုင်းတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။ နှေးကွေးတဲ့ ဗျူရိုကရေစီစနစ်နဲ့ အထက်ကအမိန့်ကို စောင့်နေရတဲ့ ပုံစံမျိုးကို အပြီးတိုင် ဖျက်သိမ်းပစ်ရပါမယ်။
၃ နှစ်အတွင်း နေပြည်တော်အစိုးရ ကွက်ကွက်လေး
နွေဦးတော်လှန်ရေးရဲ့ နောက်ဆုံးရည်မှန်းချက်က ရန်သူကို စစ်ရေးအရ အကျပ်ရိုက်စေရုံနဲ့ မလုံလောက်ပါဘူး၊ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးအာဏာစက်ကို လုံးဝချုပ်ငြိမ်းသွားစေဖို့ပါ။
လာမယ့် ၃ နှစ်တာကာလအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ မဟာဗျူဟာမြောက် ဦးတည်ချက်က ပြတ်သားရပါမယ်။ ယခင် လွတ်လပ်ရေးရပြီးစခေတ်က ဖဆပလအစိုးရကို မြို့တော်ပြင်ပမှာ အာဏာမသက်ရောက်လို့ ရန်ကုန်အစိုးရလို့ သမုတ်ခဲ့ရသလိုမျိုး၊ လက်ရှိစစ်ကော်မရှင်ကိုလည်း ခေါင်းမထောင်နိုင်အောင် ဘက်စုံက ညှပ်ပိတ်တိုက်စစ်ဆင်ပြီး နေပြည်တော်အစိုးရ ကွက်ကွက်လေးပဲ ကျန်တော့တဲ့ အခြေအနေအထိ တွန်းပို့ရပါမယ်။
တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ၊ လမ်းကြောင်းတွေကို EAOs နဲ့ PDF တွေက အပြည့်အဝ ထိန်းချုပ်ပြီး ရန်သူ့ထံ စီးဆင်းမယ့် အခွန်ဘဏ္ဍာကို သုညအထိ လျှော့ချပစ်ရပါမယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အပါအဝင် နေပြည်တော်ကို ဦးတည်နေတဲ့ ပင်မထောက်ပို့လမ်းကြောင်းတွေကို စစ်ရေးအရ ဖြတ်တောက်ပြီး နေပြည်တော်ကို ကျွန်းတစ်ကျွန်းလို အထီးကျန်ဖြစ်စေရပါမယ်။
ချင်း၊ ကရင်နီ၊ ရခိုင်၊ ကချင်၊ ကရင်ပြည်နယ်တွေနဲ့ စစ်ကိုင်း၊ မကွေးတိုင်းတို့မှာ စစ်ကော်မရှင်တပ်တွေကို အပြီးတိုင်တိုက်ထုတ်ပြီး စစ်ကော်မရှင် ကင်းစင်ဇုန်တွေ အဖြစ် သတ်မှတ်ကာ ပကတိအုပ်ချုပ်ရေး ဖော်ဆောင်ရပါမယ်။ ရန်သူ့တပ်မဌာနချုပ်ကြီးတွေကို ချေမှုန်းပြီး ရန်သူ့အင်အားကို မြို့တော်ကာကွယ်ရေးအတွက်ပဲ နောက်ဆုတ်ပြေးရတဲ့ အခြေအနေဖြစ်အောင် ဖန်တီးရပါမယ်။
ရှမ်းတောင်၊ ကရင်နီနဲ့ ပဲခူးရိုးမ လမ်းကြောင်းတွေကတစ်ဆင့် နေပြည်တော်ကို ၃ ဘက်ကနေ ညှပ်ပိတ်ရပါမယ်။ လူငယ်၊ လူလတ်ပိုင်းတွေ ဦးဆောင်တဲ့ ဒရုန်းတပ်ဖွဲ့တွေ၊ ရေရှည်ပစ်ခတ်နိုင်တဲ့ လက်နက်ကြီးတွေနဲ့ နေပြည်တော်ရှိ စစ်ရုံးချုပ်၊ လေတပ်စခန်းတွေကို စဉ်ဆက်မပြတ် ထိုးနှက်ပြီး စစ်ဦးစီးကွပ်ကဲမှုယန္တရားကို လုံးဝအလုပ်မလုပ်နိုင်အောင် တုန်လှုပ်စေရပါမယ်။
နေပြည်တော်ကို ကွက်ကွက်လေးပဲ ကျန်တော့တဲ့အထိ စစ်ရေးအရှိန်မြှင့်တင်ရာမှာ ကွန်ပျူတာရှေ့က ဆုံးဖြတ်ချက်တွေနဲ့ မလုံလောက်တော့ပါဘူး။ စစ်ရေးမဟာဗျူဟာကော်မတီ အောက်က လျင်မြန်ဖြတ်လတ်တဲ့ လူငယ်၊ လူလတ်ပိုင်း စစ်ဦးစီးမှူးတွေဟာ ရှေ့တန်းတိုက်ရိုက်ထိစပ်ဇုန်တွေအထိ ဆင်းပြီး မဟာမိတ်တွေနဲ့အတူ တိုက်ပွဲကို အချိန်နဲ့တပြေးညီ အဆုံးအဖြတ်ပေးရပါမယ်။
ရန်သူ့အခြေအနေ ပျော့ကွက်ကို မြင်တာနဲ့ အထက်ကို အစီရင်ခံစာတင်ပြမယ့် ဗျူရိုကရေစီစနစ်ကို ကျော်လွန်ပြီး ချက်ချင်း ဒိုင်ဗင်ထိုး တိုက်စစ်ဆင်ရဲတဲ့ သွေးသစ်တွေ ဖြစ်ဖို့ လိုအပ်ပါတယ်။
ပြည်သူလူထုဟာ ၅ နှစ်တိုင်တိုင် ဒုက္ခမျိုးစုံကို ကြံ့ကြံ့ခံရင်း တော်လှန်ရေးကို အပြည့်အဝ ပံ့ပိုးခဲ့ပြီးပါပြီ။ အခုအချိန်မှာ ပြည်သူတွေ မျှော်လင့်နေတာက အချိန်ဆွဲနေတဲ့ စစ်ပွဲမဟုတ်ဘဲ ပြတ်သားတဲ့ အောင်ပွဲပါ။
သံတမန်ရေးနဲ့ ငွေကြေးကို ပြည်ပမှာ ထားရှိပြီး၊ စစ်ဦးစီးမှုနဲ့ ထောက်ပံ့မှုကို ပြည်တွင်းထဲ ပို့ကာ စစ်နိုင်ရေးဗျူဟာကို လျင်မြန်ဖြတ်လတ်တဲ့ လူငယ်၊ လူလတ်ပိုင်းတွေရဲ့ အရှိန်အဟုန်နဲ့ လက်တွေ့ အကောင်အထည် ဖော်နိုင်ရင် စစ်အုပ်စုဟာ ၃ နှစ်အတွင်း လုံးဝနီးပါး ပြိုလဲသွားမှာပါ။
၃ နှစ်အတွင်း နေပြည်တော်အစိုးရ ကွက်ကွက်လေးသာ ကျန်ရှိစေရမယ်ဆိုတဲ့ နောက်ဆုံးရည်မှန်းချက်ဟာ စိတ်ကူးယဉ်အိပ်မက် မဟုတ်ပါဘူး။ ခေတ်ဆိုးကြီးကို အမြန်ဆုံး နိဂုံးချုပ်နိုင်ဖို့အတွက် အခုအချိန်ဟာ NUG အနေနဲ့ အလုံးစုံပြုပြင်ပြောင်းလဲမှုကို ပြတ်ပြတ်သားသား လုပ်ဆောင်ရမယ့် သမိုင်းပေးအချိန်အခါ ဖြစ်ပါတယ်။
