1 July 2026 By/ MPA
စစ်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် ကလေး ၁၀၀၀ကျော် အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်သည်။
စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်မှ ၂၀၂၆ခုနှစ်၊ဇွန်လကုန်အထိ စစ်အုပ်စု လက်ချက် ကြောင့် အသက်၁၈နှစ်အောက် ကလေး ၁၀၈၃ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၆၃၉ဦး ဖမ်းဆီးခံခဲ့ရကြောင်း AAPP က ယနေ့(ဇူလိုင်တစ်ရက်)ထုတ်ပြန်သည့် “မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အခွင့်အရေး အကျပ်အတည်း”အစီရင်ခံစာ၌ ဖော်ပြထားသည်။
“ကလေးအသက်ဆုံးရှုံးမှု ၁၀၈၃ ဦးမှာ လေကြောင်းတိုက်ခိုက်ခံရမှုက သေဆုံးတာ အများဆုံးပါ”ဟု AAPP တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၅၂၅ဦး အသက်ဆုံးရှုံးခဲ့ပြီး လက်နက်ကြီး ပစ် ခတ်မှုကြောင့် သေဆုံးမှုမှာ ဒုတိယအများဆုံးဖြစ်ကာ ၂၆၃ဦး အသက်ဆုံးရှုံးခဲ့သည်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ ကျေးရွာများအား စီးနင်းဖျက်ဆီးမှုများနှင့် အရပ်သားနေရာများအပေါ် ခွဲခြားမှုမရှိသော တိုက်ခိုက်မှု များကြောင့် ကလေးသူငယ်များ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းများ အဆက်မပြတ် ဖြစ်ပွား ခဲ့ပြီး စာသင်ကျောင်းများ၊ စစ်ဘေးရှောင်စခန်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် အရပ်သား များ ခိုလှုံနေသော နေရာများအပေါ် တိုက်ခိုက်မှုများ တိုးမြှင့်လာခြင်းက ကလေးသူငယ်များ၏ အ သက်ရှင်သန်ခွင့်၊ လုံခြုံမှုရရှိခွင့်၊ ပညာသင်ကြားခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ခွင့်များကို ပြင်းထန်စွာ ထိခိုက် စေခဲ့ကြောင်း လုံခြုံရေးအခြေအနေ ဆိုးရွားလာမှု၊ ကျောင်းများပိတ်ထားရမှုနှင့် တိုက်ခိုက် မှုများ ကြောင့် ကလေးသူငယ် သန်းနှင့်ချီ၍ ပညာသင်ကြားရာ၌ အနှောင့်အယှက်များနှင့် ကြုံတွေ့ ခဲ့ရ ကြောင်း AAPP က ထုတ်ပြန်သည်။
၂၀၂၁ခုနှစ်မှ ၂၀၂၅ခုနှစ်၊အောက်တိုဘာအတွင်း စစ်အုပ်စုက စာသင်ကျောင်း၄၇၀ကျော်ကို တိုက်ခိုက်ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။
စာသင်ကျောင်းများနှင့် ပညာရေးဆိုင်ရာအဆောက်အအုံများကို တိုက်ခိုက်မှုများကြောင့် ကလေးသူ ငယ်များ၏ ပညာသင်ကြားခွင့် ဆိုးရွားစွာ ထိခိုက်လျက်ရှိပြီး စာသင်ကျောင်းများအား စစ်ရေးရည် ရွယ်ချက်အတွက် အသုံးပြုခြင်းက ကလေးသူငယ်များအတွက် လုံခြုံသော သင်ယူရေးပတ်ဝန်းကျင် ကို ခြိမ်းခြောက်လျက်ရှိကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အခွင့်အရေးအကျပ်အတည်းသည် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ပြဿနာသာမက တာဝန်ယူ တာဝန်ခံမှု၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ရေရှည်ငြိမ်းချမ်းရေးတည်ဆောက်မှုတို့နှင့် တိုက်ရိုက်ဆက်စပ်နေသော လူ့အခွင့်အရေးဆိုင်ရာ အရေးပေါ်အခြေအနေဖြစ်ပြီး ကလေးသူငယ်များ၏ အခွင့်အရေးများကို ထိရောက်စွာ ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့် သက်ဆိုင်သူအားလုံး၏ အရေးတကြီး အာရုံစိုက်ဆောင်ရွက်မှုနှင့် တာဝန်ယူမှုများ လိုအပ်လျက်ရှိကြောင်း AAPPက ဆိုသည်။
ကာကွယ်ဆေးထိုးခွင့် ဆုံးရှုံးသည့်ကလေး ၁ဒဿမ၂သန်းရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော် ပြထားသည်။
