နွေဦးတော်လှန်ရေးအတွင်း လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ပြီး အာရှတွင် သေကြေမှုအများဆုံး စစ်ပွဲဖြစ်လာဟု ACLED ထုတ်ပြန်

By MPA

၂၀၂၁ခုနှစ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် သေဆုံးသူ ၁၀၀၁၁၄ဦးရှိလာပြီဖြစ်ကြောင်း နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် ACLED (Armed Conflict Location & Event Data)က ယနေ့(ဇူလိုင် ၁ရက်) တွင် ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည့် ပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် နှိမ်နှင်းခဲ့ရာမှ တစ်ဆင့် နိုင်ငံအနှံ့ ပြည်သူ့ခုခံတွန်းလှန်စစ် ဆင်နွှဲလာခဲ့ကြပြီး၊ အဆိုပါ ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေကြသည့် အဖွဲအစည်းအားလုံးဘက်မှ သေဆုံးမှုများကို စာရင်းပြုစုထားခြင်းဖြစ်ကြောင်း ACLED က ဆိုသည်။

မြန်မာ့မြေပြင်ပဋိပက္ခများနှင့် ပတ်သက်၍ တရားဝင် အတည်ပြုထားသည့် သေဆုံးသူစာရင်း ထွက်ပေါ်လာခြင်းမရှိသေးဘဲ ခန့်မှန်းချက်များ အမျိုးမျိုးကွဲပြားနေသော်လည်း၊ နိုင်ငံရေးနှင့် စစ်ရေးလေ့လာဆန်းစစ်သူများကမူ လက်ရှိမြန်မာ့ပဋိပက္ခသည် အာရှတိုက်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများအနက် သေကြေပျက်စီးမှု အများဆုံးနှင့် အပြင်းထန်ဆုံး စစ်ပွဲတစ်ခုဖြစ်ကြောင်း ACLED ကထုတ်ပြန်ထားသည်။