By MPA
မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်၊မုရစ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းနိုင်သည် ပေါ်တာဆွဲဂိုဏ်းများ နှင့်ချိတ်ဆက်ပြီး ဒေသတွင်း စစ်မှုထမ်းပွဲစားလုပ်ကာ စီးပွားဖြစ်နေကြောင်း သိရသည်။
ယခင် တရားမဝင် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း၏ တပည့်ရင်းချာဖြစ်သော ဝင်းနိုင် သည် လှိုင်သာယာ၊ ပဲခူး၊ မော်လမြိုင်နှင့် ကရင်ပြည်နယ်အတွင်း ပေါ်တာဆွဲ ရောင်းစားနေသည့် ဂိုဏ်းများနှင့် ချိတ်ဆက်၍ လူဝယ်ယူကာ ချောင်းဆုံမြို့နယ်အတွင်း စစ်မှုထမ်း ပြန်ရောင်းစားနေ ကြောင်း ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ပေါ်တာဆွဲလာတဲ့လူဆိုရင် တစ်ယောက်ကို ၁၅သိန်း၊သိန်း၂၀ လောက်နဲ့ ရတယ်။ဝင်းနိုင်က အဲဒါကို ဝယ်ပြီးတော့ ချောင်းဆုံက စစ်မှုထမ်းလူပေးရမယ့် အလှည့်ကျတဲ့ရွာကို သိန်း၅၀၊ သိန်း၆၀နဲ့ ပြန် ရောင်းစားနေတယ်”ဟု ၎င်းက MPA သို့ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသည် အများအားဖြင့် တစ်လခြားလျှင် စစ်မှုထမ်းတစ် ယောက်ပေးရပြီး ရပ်ရွာပြည်သူများထံမှ စစ်မှုထမ်းကြေး ကောက်ခံကာ စစ်မှုထမ်းဝယ်ယူကြ ကြောင်း သိရသည်။
“အုပ်ကြီးတွေက တစ်အိမ်ကို တစ်လ တစ်သောင်းခွဲ၊၂သောင်းကောက်တယ်။ ပိုတာကို အိတ်ထဲ ထည့်တယ်။လူပါးဝတဲ့ အုပ်ကြီးတွေကျတော့ တစ်လထဲ ၂ကြိမ်၊၃ကြိမ်ကောက်ပြီး အိတ်ထဲထည့် တယ်။အုပ်ကြီးတွေကို ထွေအုပ်က အကာအကွယ်ပေးထားတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
မုရစ်ကြီးရွာအုပ်ကြီး ဝင်းနိုင်သည် ဇွန်လအတွင်းက စစ်မှုထမ်းကြေး ၂ကြိမ် ကောက်သဖြင့် ရွာခံတစ် ဦးက ချောင်းဆုံဖေ့စ်ဘွတ်ခ်ဂရုဖ်ပေါ် ဝေဖန်ရေးသားခဲ့သေးသည်။
“မုရစ်ကြီးမှာ အိမ်ခြေ၇၀၀ လောက်ရှိတယ်။တစ်အိမ်ကို တစ်လ တစ်သောင်းခွဲကောက်တာတောင် တစ်လ သိန်း၁၀၀ကျော်ရနေပြီ။ စစ်မှုထမ်းက ၂လမှ တစ်ယောက် ဝယ်ပေးရတာ။အဲဒီကို မတော် လောဘကကြီးတော့ တစ်လ ၂ကြိမ် စစ်မှုထမ်းကြေးကောက်ပြီး အပင်းဆို့သေးတယ်”ဟု မုရစ်ကြီး ရွာသူ အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။
ထို့ပြင် ပေါ်တာကြေး မထည့်နိုင်သော မရှိဆင်းရဲသားများကို ငွေမထည့်လျှင် စစ်မှုထမ်းအတွက် မဲ နှိုက်ရမည်ဟု ပြောသလို ရွာထဲ၌ ပေါ်တာဆွဲမည်ဟုလည်း ဝင်းနိုင်က ခြိမ်းခြောက်သေးကြောင်း သိရသည်။
“ရွာကလူတွေက နောက်ကွယ်မှာ အတင်းပြောကြတာပေါ့။ဝင်းနိုင်သား အငယ်ကောင် ငမူးကို စစ်မှု ထမ်းထဲ ထည့်လိုက်လို့”ဟု ၎င်းက ဆက်လက်ပြောသည်။
ဝင်းနိုင်၏သား အကြီးမှာ အသက်၃၀ကျော်အရွယ်ရှိ လဝကဝန်ထမ်းဖြစ်ပြီး သားအငယ်မှာ အသက် ၂၀ကျော်သာရှိသေးကာ ရွာထဲ၌ မူးယစ်ရမ်းကားနေသူဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်သည် လာဘ်အစားကြမ်းသည့် ချောင်းဆုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မျိုးဝင်းနှင့် မယား ညီအစ်ကို တော်စပ်သည်။
မျိုးဝင်းသည် ချောင်ဆုံမြို့နယ်ကြံ့ဖွံ့ဥက္ကဌဖြစ်ပြီး ၂၀၂၅-၂၀၂၆ တရားမဝင်ရွေးကောက်ပွဲ၌ ချောင်းဆုံ မြို့နယ်ပြည်သူ့လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သူလည်းဖြစ်သည်။
မျိုးဝင်းသည် စစ်ကောင်စီလက်ထက်ကတည်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်ပြီး တရားမဝင် ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက်လည်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ဆက်လက်ခန့်အပ်ခြင်းခံရသည်။
