ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ပိုင်ခွင့် ရရှိထားသည့် ‘လင်းသီဟ ကုမ္ပဏီ’ က ၎င်းတို့အပေါ် လူမှုကွန်ရက်တွင် ဝေဖန်ရေးသားသူများကို ဥပဒေအရ တရားစွဲဆိုသွားမည်ဟု ထုတ်ပြန်ခဲ့ခြင်းကြောင့် တောင်ကြီးမြို့ခံများအကြား ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်လျက်ရှိသည်။
အဆိုပါ အများပြည်သူသိစေရန် ကြေညာခြင်းဟူသည့် ထုတ်ပြန်ချက်ကို လင်းသီဟကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ ဦးနေမျိုးအောင် ကိုယ်တိုင်လက်မှတ်ရေးထိုး၍ လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး၊ အွန်လိုင်းပေါ်တွင် ကုမ္ပဏီအကြောင်း ပုတ်ခတ်ကဲ့ရဲ့ ရေးသားသူများကို ဥပဒေအရ အရေးယူမည်ဟု ဖော်ပြထားသည်။
ဒေသခံများ၏ ပြောပြချက်အရ လင်းသီဟကုမ္ပဏီသည် တောင်ကြီးမြို့နှင့် အေးသာယာမြို့တို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာ၌ ပြည်သူလူထု၏ တိုင်ကြားချက်နှင့် တင်ပြချက်များကို တာဝန်ယူဖြေရှင်းပေးမှု အားနည်းကြောင်း သိရသည်။
အထူးသဖြင့် အေးသာယာမြို့တွင် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြည်သူများ၏ မီတာခငွေများကို လိမ်လည်၍ ထွက်ပြေးသွားသည့် ဖြစ်စဉ်တွင်လည်း ကုမ္ပဏီဘက်က တာဝန်ယူဖြေရှင်းပေးခြင်း မရှိခဲ့ကြောင်း မြို့ခံများက ဆိုသည်။
“လင်းသီဟကုမ္ပဏီဘက်က တော်တော်လေး များလာတာ တွေ့ရတယ်။ ဘာကိုမှ တာဝန်ယူ ဖြေရှင်းပေးတာမျိုး မရှိဘူး။ မီတာ ဖြုတ်သိမ်းတဲ့ ကိစ္စတွေ ဆိုရင်လည်း အဲလိုပဲ” ဟု တောင်ကြီးမြို့ခံတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ပြည်သူများ မီတာခ သွားရောက်ပေးဆောင်သည့်အခါ ဝန်ထမ်းများက ဆက်ဆံရေး ရိုင်းပြခြင်း၊ မီတာခများ အကြောင်းမဲ့ အကြွေးတင်နေခြင်းနှင့် မီတာခေါင်းများကို အတင်းအဓမ္မ ဖြုတ်သိမ်းခြင်းများ ကြုံတွေ့နေရသဖြင့် ပြည်သူများက လူမှုကွန်ရက်တွင် ဝေဖန်မှုများ ပြုလုပ်လာကြရာမှ ကုမ္ပဏီဘက်က ယခုကဲ့သို့ တရားစွဲဆိုမည်ဟု တုံ့ပြန်လာခြင်းဖြစ်သည်။
အဆိုပါ လင်းသီဟကုမ္ပဏီသည် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၏ သားဖြစ်သူ ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကုမ္ပဏီ၏ ဝန်ဆောင်မှု အားနည်းချက်များနှင့် ပတ်သက်၍ အမှားပြင်ဆင်ခြင်း မရှိဘဲ ခြိမ်းခြောက်သည့် ပုံစံဖြင့် တုံ့ပြန်နေမှုအပေါ် ရှမ်းပြည်နယ် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ စစ်ဆေးအရေးယူပေးရန် တောင်ကြီးမြို့ခံ ပြည်သူများက တောင်းဆိုထားကြသည်။
ထို့ပြင် အတုအယောင်ရွေးကောက်ပွဲကတက်လာသည့် မြို့နယ် အမတ်တုများအနေဖြင့်လည်း ယင်းကိစ္စကို ဝင်ရောက်ဖြေရှင်းပေးရန် မြို့ခံများက တောင်းဆိုထားကြသော်လည်း အမတ်တုများက နှုတ်ဆိတ်နေကြသည်။
“လင်းသီဟကုမ္ပဏီနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက မသိဘူးမဟုတ်ဘူး။ သိတယ်။ ဒါပေမဲ့ စစ်တပ်နဲ့နီးစပ်တာကြောင့် သူတို့လည်း မထိရဲဘူးဖြစ်နေတာလို့ ထင်တယ်။ ပြည်သူတွေကတော့ လိုင်းပေါ်မှာ တော်တော်လေး အော်နေတာတွေ့ရတယ်။ တောင်ကြီးမှာက အဲဒီလိုပဲ မကြာခဏဖြစ်နေတာ။ အခုဖြစ်ရပ်ကလည်း တော်တော်လေးဆိုးလို့ အော်နေကြတာ။ နောက်မို့ဆို ဒီလောက် အော်လေ့မရှိဘူး” ဟု တောင်ကြီးမြို့ခံ အသက် ၆၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
