အမေရိကန်တရားရုံးချုပ်က ထရမ့်၏ မွေးရာပါနိုင်ငံသားဖြစ်ခွင့် ကန့်သတ်ချက်ကို ပယ်ချ၊ ထရန်ဂျန်ဒါ အားကစားပွဲ ပိတ်ပင်မှုနှင့် ရွေးကောက်ပွဲရန်ပုံငွေဥပဒေကိုမူ အတည်ပြု

By Reuters

အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်သည် ကိုးလတာ သက်တမ်းနောက်ဆုံးရက်ဖြစ်သည့် အင်္ဂါနေ့တွင် သမ္မတ ဒေါ်နယ်ထရမ့်၏ မွေးရာပါ နိုင်ငံသားဖြစ်ခွင့် ကန့်သတ်မည့် အုပ်ချုပ်ရေးအမိန့်ကို ပယ်ချလိုက်သော်လည်း လိင်ပြောင်း(Transgender) အားကစားသမားများ ယှဉ်ပြိုင်ခွင့် ပိတ်ပင်သည့် ပြည်နယ်ဥပဒေများနှင့် ရွေးကောက်ပွဲရန်ပုံငွေ အကန့်အသတ်မရှိ သုံးစွဲခွင့်ကိုမူ ထောက်ခံအတည်ပြုခဲ့ကြောင်း သိရသည်။

ပထမဆုံးအမှုအနေဖြင့် မိဘနှစ်ပါးစလုံးသည် အမေရိကန်နိုင်ငံသား (သို့မဟုတ်) အမြဲတမ်း နေထိုင်ခွင့် ဂရင်းကတ် (Green Card) ကိုင်ဆောင်ထားသူ မဟုတ်ပါက အမေရိကန်မြေပေါ်တွင် မွေးဖွားလာသည့် ကလေးငယ်များကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုရန် ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်နှစ် ရာထူးပြန်လည်ရယူသည့် ပထမဆုံးနေ့၌ အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ကွန်ဆာဗေးတစ် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် အပါအဝင် တရားသူကြီး ၆ ဦးက ထောက်ခံ၊ ၃ ဦးက ကန့်ကွက်ကာ အဆိုပါအမိန့်သည် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အပိုဒ် ၁၄ နှင့် မညီညွတ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

အခြေခံဥပဒေအရ အမေရိကန်မြေပေါ်တွင် မွေးဖွားသူတိုင်းသည် နိုင်ငံသားဖြစ်ခွင့် ရှိရမည်ဟု တရားသူကြီးချုပ်က ဖော်ပြခဲ့ပြီး၊ ယင်းဆုံးဖြတ်ချက်ကြောင့် တစ်နှစ်လျှင် ကလေးငယ် ၂ သိန်းခွဲခန့်၏ တရားဝင် ရပ်တည်မှုကို ကာကွယ်ပေးနိုင်ခဲ့ကြောင်း အမှုရင်ဆိုင်ခဲ့သည့် ACLU အဖွဲ့က ပြောကြားသည်။

သမ္မတ ဒေါ်နယ်ထရမ့်ကမူ ယင်းပယ်ချမှုအပေါ် တိုင်းပြည်အတွက် စိတ်မကောင်းစရာ ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် တုံ့ပြန်ခဲ့သည်။

တစ်ဖက်တွင်မူ တရားရုံးချုပ်သည် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရီပတ်ဘလီကန်များ အလိုရှိသည့် အမှုကြီးနှစ်ခုကို ထောက်ခံပေးခဲ့သည်။

ဝက်စ်ဗာဂျီးနီးယားနှင့် အိုင်ဒါဟို ပြည်နယ်များရှိ ထရန်စဂျန်ဒါ ကျောင်းသား အားကစားသမားများကို အမျိုးသမီး အားကစားအသင်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားခြင်းကို တရားသူကြီး ၉ ဦးစလုံး၏ ကန့်ကွက်သူမရှိ တူညီဆန္ဒဖြင့် အတည်ပြုပေးခဲ့သည်။

ပြည်နယ်များအနေဖြင့် ဇီဝဗေဒအရ အမျိုးသမီးများအတွက်သာ အားကစားပွဲများကို သတ်မှတ်ပိုင်ခွင့်ရှိကြောင်း ကွန်ဆာဗေးတစ် တရားသူကြီး ဘရက်တ် ကာဗာနောက ဆုံးဖြတ်ချက်တွင် ရေးသားခဲ့ပြီး ထရမ့်က ယင်းဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့သည်။

ထို့ပြင် လာမည့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) အပါအဝင် နိုင်ငံရေးပါတီများနှင့် လွှတ်တော်အမတ်လောင်းများ ပူးပေါင်း၍ ရွေးကောက်ပွဲ ရန်ပုံငွေများကို အကန့်အသတ်မရှိ သုံးစွဲခွင့်ပြုမည့် ကိစ္စကိုလည်း တရားသူကြီး ၆ ဦး ထောက်ခံ၊ ၃ ဦး ကန့်ကွက်မှုဖြင့် တရားရုံးချုပ်က ခွင့်ပြုပေးခဲ့သည်။

လက်ရှိ သက်တမ်းအတွင်း ကွန်ဆာဗေးတစ် ၆ ဦး၊ လစ်ဘရယ် ၃ ဦးဖြင့် ဖွဲ့စည်းထားသည့် အမေရိကန်တရားရုံးချုပ်သည် ကမ္ဘာလုံးဆိုင်ရာ အခွန်တိုးမြှင့်မည့် ထရမ့်၏ မူဝါဒကို ပယ်ချခဲ့ဖူးသော်လည်း ဟေတီနှင့် ဆီးရီးယား ဒုက္ခသည်များကို ပြည်နှင်ဒဏ်ပေးမည့် ကိစ္စနှင့် အရပ်သားပိုင် နယ်မြေများအတွင်း သေနတ် လွတ်လပ်စွာ ကိုင်ဆောင်ခွင့် တိုးချဲ့ရေး ကိစ္စရပ်များတွင်မူ ထရမ့်ဘက်က ရပ်တည်ပေးခဲ့သည်။
လာမည့် အောက်တိုဘာလတွင် စတင်မည့် တရားရုံးချုပ် သက်တမ်းအသစ်၌ စစ်ပွဲသုံး ရိုင်ဖယ်သေနတ်များ ပိတ်ပင်မှုကို စိန်ခေါ်မည့် အမှုကြီးများ အပါအဝင် အရေးကြီးအမှုများကို ဆက်လက် ကြားနာသွားရန် ရှိကြောင်း သိရသည်။