By MPA
ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှူး ရဲဘော်ပုလဲမောင် ပစ်ခတ်လုပ်ကြံခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်က စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းလိုက်ပြီး၊ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး အပါအဝင် တာဝန်ရှိသူများကို လက်နက်ဖြုတ်သိမ်းကာ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ထို့ပြင် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများအပေါ် ဒေသတွင်း ဩဇာလွှမ်းမိုးမှုများ ကင်းရှင်းစေရန်အတွက် ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး အပါအဝင် ခရိုင်စစ်ဌာန တာဝန်ရှိသူများကို စစ်ကိုင်းတိုင်း စစ်ဌာနချုပ်သို့ အနီးကပ်ကြီးကြပ်မှုဖြင့် ခေါ်ဆောင်ထားကြောင်းနှင့် ယင်းမာပင်ခရိုင်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များကို တိုင်းစစ်ဌာနက တိုက်ရိုက်ကွပ်ကဲသွားမည်ဖြစ်ကြောင်း ဇွန်လ ၃၀ ရက် ညပိုင်းတွင် အရေးပေါ် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က ယင်းမာပင်ခရိုင်စစ်ဌာန၌ ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် ဦးဆောင်မည့် အစည်းအဝေးတက်ရောက်ရန် စောင့်ဆိုင်းနေစဉ်အတွင်း တပ်ရင်းမှူး ရဲဘော်ပုလဲမောင် (ခေါ်) ပီတာ သည် အနီးကပ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်း ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုကို ခရိုင်ကွပ်ကဲရေးမှူး၏ ကိုယ်ရေးအရာရှိ (PA) ဖြစ်သူ ရဲဘော်ငဖြိုးက ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းအား ဗဟိုစစ်အချုပ်ထောင်သို့ ပြောင်းရွှေ့ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။
ယင်းအပြင် ဇွန်လ ၂၈ ရက်နေ့တွင် ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် အပါအဝင် စုစုပေါင်း ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းကာ အမှုစစ်ဆေးနေခြင်းဖြစ်သည်။
ယခုကဲ့သို့ စစ်ဆေးနေစဉ် ကာလအတွင်း မြေပြင်ကွပ်ကဲမှု ကွင်းဆက်မပြတ်တောက်စေရန်အတွက် တိုင်းစစ်ဌာနက တိုက်ရိုက်ကိုင်တွယ် ကွပ်ကဲခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တရားမျှတမှုရှိစေရေးနှင့် ကျူးလွန်သူများကို ထိရောက်စွာ အပြစ်ပေးနိုင်ရန် သမာသမတ်ကျကျ ကိုင်တွယ်ပေးရန် အမှတ် (၁) စစ်ဒေသ အပါအဝင် PDF တပ်ရင်းတပ်ဖွဲ့ အသီးသီးကလည်း ထုတ်ပြန်တောင်းဆိုထားကြသည်။
လက်ရှိတွင် စုံစမ်းစစ်ဆေးရေးခုံရုံးက စစ်ဆေးမှုများ စတင်နေပြီဖြစ်ပြီး၊ စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်၍ စစ်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်တရားရုံး (သို့မဟုတ်) စစ်ခုံရုံးတွင် ထိရောက်စွာ ဆက်လက်စစ်ဆေးစီရင်သွားမည်ဖြစ်ကြောင်း PDF စစ်ရုံးချုပ်က အသိပေးထုတ်ပြန်ထားသည်။
