By MPA
ထိုင်းနိုင်ငံတွင် မုတ်သုံလေနှင့် လေဖိအားနည်းဆဲလ်တို့ ပေါင်းဆုံမှုကြောင့် နိုင်ငံဧရိယာတစ်ဝက်ကျော်ဖြစ်သည့် ၄၆ ခရိုင်၌ မိုးသက်မုန်တိုင်းကျရောက်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ကာ ရေကြီး/မြေပြိုမည့်အန္တရာယ်ရှိကြောင်း ထိုင်းမိုးလေဝသဌာန (TMD) က ယနေ့ ဇွန် ၂၇ ရက်တွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။
ဗီယက်နမ်နိုင်ငံအထက်ပိုင်းရှိ လေဖိအားနည်းဆဲလ်နှင့် ကပ္ပလီပင်လယ်၊ ထိုင်းပင်လယ်ကွေ့တို့တွင် တိုက်ခတ်နေသည့် အလယ်အလတ်အဆင့် အနောက်တောင်မုတ်သုံလေတို့ကြောင့် လာမည့် ၂၄ နာရီအတွင်း အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းအနောက်ဘက်ကမ်းရိုးတန်းနှင့် ဘန်ကောက်မြို့ပြဧရိယာတို့တွင် ရာသီဥတုမတည်မငြိမ်ဖြစ်ကာ မိုးကြီးနိုင်သဖြင့် ဒေသခံပြည်သူများအနေဖြင့် ရေကြီးမှုနှင့် သဘာဝဘေးအန္တရာယ်များကို သတိပြုကြရန် နှိုးဆော်ထားသည်။
ထို့ပြင် ဇွန် ၂၈ ရက်မှ ဇူလိုင် ၃ ရက်နေ့အတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းအထက်ပိုင်းကို ဖြတ်သန်းမည့် မုတ်သုံတိမ်တိုက်လိုင်းများကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးရွာသွန်းမှု ပိုမိုမြင့်တက်လာကာ အချို့ဒေသများတွင် မိုးလွန်ကဲစွာသည်းထန်နိုင်ကြောင်း၊ အထူးသဖြင့် အရှေ့ပိုင်းနှင့် တောင်ပိုင်းအနောက်ဘက်ကမ်းရိုးတန်းဒေသများသည် ပိုမိုထိခိုက်လွယ်သည့်ဇုန်များဖြစ်ကြောင်း သိရသည်။
ယင်းကာလအတွင်း မုတ်သုံတိမ်တိုက်လိုင်းက ပိုပြီး အားကောင်းလာနိုင်သည့်အတွက် မိုးဆက်တိုက်ရွာသွန်းပြီး တောင်ပေါ်ဒေသများတွင် မြေပြိုခြင်းနှင့် မြစ်ချောင်းများဘေးတွင် ရေကြီးခြင်းဒဏ်ကို ခံစားရနိုင်ကြောင်း သတိပေးထားသည်။
ထို့ပြင် ပင်လယ်ပြင်ခရီးသွားလာမှုအတွက် ကပ္ပလီပင်လယ်ပြင်အထက်ပိုင်းတွင် လှိုင်းအမြင့် ၂ မီတာမှ ၃ မီတာအထိ (၁၀ ပေခန့်) မြင့်တက်နိုင်ပြီး မိုးသက်မုန်တိုင်းဖြစ်ပွားရာဒေသများ၌ လှိုင်းအမြင့် ၃ မီတာကျော်အထိ ရှိလာနိုင်သဖြင့် ရေလုပ်ငန်းနှင့် သင်္ဘောလိုင်းများအနေဖြင့် သတိပြုခရီးသွားကြရန်နှင့် မိုးသက်မုန်တိုင်းရှိရာဒေသများသို့ သွားလာခြင်းမပြုရန် TMD က တိုက်တွန်းထားသည်။
ဓာတ်ပုံ – The Nation
