By Hsu Yee/MPA
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် DKBAနှင့်စစ်တပ် ပူးပေါင်းစစ်ကြောင်းကို လျှပ်တစ်ပြက်တိုက်ခိုက်ခဲ့ ရာ၄ ဦးသေဆုံးကြောင်း ရေးဘီလူးတပ်ရင်းက သတင်းထုတ်ပြန်သည်။
အောက်တိုဘာ တစ်ရက်၊ ညနေ ၃ နာရီခွဲဝန်းကျင်တွင် ရေးမြို့နယ်၊အာယုတောင်ကျေးရွာမှ ထွက်လာသည့် အင်အား ၄၀ ကျော်ပါ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)နှင့်စစ်တပ် ပူးပေါင်းစစ်ကြောင်းကို ဝါးကျောင်းတောင်အနီး၌ ရေးဘီလူးတပ်ရင်းက ကြားဖြတ် ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“သူတို့ဘက်ခြမ်းက ဦးတည်ပြီးထိုးတာကတော့ ရွာသစ်နဲ့ရွာကလေးကိုပေါ့နော်။ဒါပေမဲ့၊ ကျနော်တို့ တိုက်ပွဲဖြစ်တဲ့နေရာ ဝါးကျောင်းမှာ တချက်တပ်တည်မယ့်နေရာပေါ့။အဲ့မှာ သူတို့လူထိပြီးတော့ သူတို့ချက်ချင်းကို ပြန်ဆုတ်သွားတာ။အတည်ပြုလို့ရတယ်ဗျ။ ဘာလို့လဲဆို ရှေ့ပွိုင့်ချထားတဲ့သူနဲ့တိုးတာဆိုတော့လေ၊ အဲ့ဒီမှာ ၄ယောက် ထိတာနဲ့လဲတာ။ ဒါပေမဲ့၊ လက်နက်တော့ ကောက်မခဲ့နိုင်ဘူး။ကျနော်တို့က ပြောက်ကျားပဲ ကစားတာဆိုတော့ အမြန်ပဲ ပစ်ပြီးတော့ ပြန်ဆုတ်တယ်”ဟု ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားစဉ်အတွင်း အာယုတောင်ရွာ အခြေစိုက် ခမရ ၃၄၃ မှ လက်နက်ကြီးဖြင့် ပစ်ကူ ပေးခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်အတွင်း အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၁၉ )တည်ရှိပြီး ၎င်း၏လက်အောက်ခံ ခလရ ၆၁ ၊ ခလရ ၂၉၉ ၊ ခမရ ၃၄၃ ၊ ခမရ ၅၈၆ ၊ ခမရ ၂၈၇ နှင့် အမှတ် ၃၁၆ အမြောက်တပ်ရင်း (အမတ ၃၁၆) တပ်ရင်းတို့လည်း တည်ရှိသည်။
စစ်သားများသေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ဇူလိုင် တစ်ရက်၊ နံနက် ၅ နာရီခန့်ကလည်း အာယုတောင် ကျေးရွာရှိ စစ်တပ် စခန်းကုန်းတစ်ခုကို ရေးဘီလူးတပ်ရင်းက သိမ်းပိုက်နိုင်ခဲ့သေးသည်။
စာတည်း-ML
