၃ ထပ်ရေတံခွန် အောက်ချိုင့်တွင် ကျန်ရှိ ပျောက်ဆုံး မြန်မာအမျိုးသမီး၏ ရုပ်အလောင်းကို တွေ့

ဓာတ်ပုံ-စေတနာမွန်လူမှုကူညီရေးအသင်း-အုန်းချော
ပုံစာ- ရုပ်အလောင်းရှာဖွေ သယ်ထုတ်နေစဉ်

၃ထပ်ရေတံခွန် အောက်ဘက်ချိုင့်တွင် နောက်ဆုံးကျန်ရှိ ပျောက်ဆုံးနေသည့် အမျိုးသမီး၏ ရုပ်အ လောင်းကို ယနေ့ ရှာဖွေတွေ့ရှိကြောင်း စေတနာမွန်လူမှုကူညီရေးအသင်း-အုန်းချောက သတင်း ထုတ်ပြန်သည်။

ယင်းအမျိုးသမီးမှာ မြန်မာနိုင်ငံသားဖြစ်ပြီး ယနေ့(အောက်တိုဘာ၁ရက်)မွန်းလွဲ ၁နာရီ၃၃မိနစ်ခန့် တွင် ရှာဖွေတွေ့ရှိခဲ့ကာ ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“တော်တော်ရှာလိုက်ရတယ်။အခုလို ဖြစ်စဉ်က ဖြစ်တောင့်ဖြစ်ခဲပေမဲ့ မိုးတွင်းကာလမှာ ဒီလိုမျိုး ရုတ် တရက်ဖြစ်နိုင်တယ်ဆိုတာ အားလုံးအတွက် သင်ခန်းစာပါပဲ”ဟု ဒေသခံလူမှုကူညီရေး အသင်းနှင့် နီးစပ် သူတစ်ဦးက MPAသို့ ပြောသည်။

စက်တင်ဘာ၂၉ရက်၊ညနေ ၃နာရီခွဲခန့်တွင် မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ အုန်းချောရွာအရှေ့ ဘက်ရှိ ၈ထပ်ရေတံခွန်သို့ သွားရောက်ရေကစားနေကြသော လူ၁၄ဦးအနက် ၃ထပ်ရေတံခွန်သို့ ၅ဦး ပြုတ်ကျခဲ့ပြီး ယင်းနေ့မှာပင် သေဆုံးနေသည့် အမျိုးသမီး ၂ဦးနှင့် ခြေထောက်ကျိုးသွားသည့် ရုရှားနိုင်ငံသား အမျိုးသားတစ်ဦးတို့အား ပြန်တွေ့ခဲ့သည်။

စက်တင်ဘာ၃၀ရက် နေ့ခင်းပိုင်းတွင် အမေရိကန်နိုင်ငံသူ၏ ရုပ်အလောင်းကို ၃ထပ်ရေတံခွန် အောက်ပိုင်း၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

၈ထပ်ရေတံခွန်တွင် ရေကစားနေသူများ ရေစီးနှင့် မျောပါသွားခြင်းမှာ တောင်ကျရေ တစ်ရှိန်ထိုး ကျဆင်းလာခြင်းကြောင့်ဖြစ်ပြီး တောတောင်ရေတံခွန်များသို့သွားရောက်လည်ပတ် အပန်းဖြေကြသူများအနေဖြင့် မျှော်လင့်မထားနိုင်သည့်သဘာဝဘေး အခြေအနေများကိုသတိပြုတွက်ဆစေလိုကြောင်း စေတနာမွန်လူမှုကူညီရေးအသင်း-အုန်းချောက ထုတ်ပြန်ထားသည်။