ထိုင်းနိုင်ငံတွင် မကြာသေးမီက ကျင်းပပြီးစီးခဲ့သော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ပြိုင်ပွဲအတွင်း အမျိုးသမီးအားကစားသမားများနှင့် အားကစားလောကမှ ဝန်ထမ်းများအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ဖြစ်စဉ်ပေါင်း ၁၀ ခုအထိ တိုင်ကြားချက်များ ရှိခဲ့ကြောင်း ထိုင်းအိုလံပစ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဆူဝန်နာ ဆီလပါအာချာ က အင်္ဂါနေ့တွင် ပြုလုပ်သည့် အားကစားလောကအတွင်း ဘေးကင်းလုံခြုံရေး ပိုမိုခိုင်မာစေရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ၌ ယခုအချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုင်ကြားချက်များသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၃၃ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများပါ ပါဝင်ပတ်သက်နေကြောင်း ၎င်းက ဆိုသည်။
ထိခိုက်ခံစားရသူများတွင် အမျိုးသမီးအားကစားသမားများနှင့် အသင်းအဆက်အသွယ်ညှိနှိုင်းရေးအရာရှိ များ ပါဝင်ပြီး၊ တစ်မှုမှာ နိုင်ငံခြားသူ အားကစားသမားတစ်ဦးနှင့် ပတ်သက်နေကြောင်း သိရသည်။
“ဖြစ်စဉ်တွေက နှုတ်နဲ့ ထိပါးတာ၊ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်တာကနေ လိင်ပိုင်းဆိုင်ရာ အတင်းအဓမ္မ ထိကပါးရိကပါး လုပ်ဖို့ ကြိုးစားတာတွေအထိ ပါဝင်ပါတယ်” ဟု ဆူဝန်နာက ပြောသည်။
“ဖြစ်စဉ်တိုင်းမှာ အားကစားသမားတချို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိခဲ့တဲ့အတွက် အလုပ်အဖွဲ့ကနေ လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့ပါတယ်။”
ဆူဝန်နာ၏ ပြောကြားချက်အရ တိုင်ကြားချက် ၁၀ ခုစလုံးကို ထိုင်းအိုလံပစ်ကော်မတီက ပြည်တွင်း၌သာ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့ထံ တိုင်ကြားခြင်း သို့မဟုတ် ငွေကြေးအရ လျော်ကြေးပေးခြင်းမျိုး မရှိခဲ့ပေ။
“ကျွန်မတို့က နှစ်ဖက်နားလည်မှုရအောင် ညှိနှိုင်းပေးခဲ့ပါတယ်။ ကျူးလွန်သူတွေဘက်ကတော့ မရိုးမသား ရည်ရွယ်ချက် မရှိပါဘူးလို့ ပြောကြပေမဲ့ နစ်နာသူတွေဘက်ကတော့ ဒါဟာ နှောင့်ယှက်ခံရတာလို့ ခံစားခဲ့ရပါတယ်။ ဒါကြောင့် တာဝန်တွေ ပြောင်းလဲတာ၊ ထိတွေ့မှု နည်းသွားအောင် လူခွဲပေးတာမျိုးတွေနဲ့ပဲ ဖြေရှင်းခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ ဖြစ်စဉ်များကို ပြိုင်ပွဲကျင်းပနေစဉ်အတွင်း အနှောင့်အယှက်မဖြစ်စေရန် ယခုကဲ့ ဖြေရှင်းခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် ယခုကိစ္စသည် အလေးအနက်ထား ကိုင်တွယ်ရမည့် ကိစ္စဖြစ်သဖြင့် နောင်တွင် ပိုမိုစနစ်တကျ ဖြေရှင်းသွားရန် လိုအပ်ကြောင်းလည်း ဆူဝန်နာက ဖြည့်စွက်ပြောကြားခဲ့သည်။
မည်သည့်အားကစားနည်းများတွင် အဆိုးရွားဆုံးဖြစ်ခဲ့သနည်းဟု မေးမြန်းရာတွင် ကိစ္စရပ်များကို ဖြေရှင်းပြီးဖြစ်သဖြင့် ထုတ်ဖော်မပြောလိုကြောင်းနှင့် မည်သည့် နိုင်ငံခြားသား အားကစားသမားများ ဖြစ်သည်ကိုလည်း ထိခိုက်ခံရသူ၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုအတွက် မပြောနိုင်ကြောင်း ငြင်းဆိုခဲ့သည်။
ယခု လက်မှတ်ရေးထိုးလိုက်သော နားလည်မှုစာချွန်လွှာ (MOU) သည် အားကစားလောကအတွင်း ဘေးကင်းလုံခြုံမှု စံနှုန်းများကို မြှင့်တင်ရန်နှင့် အားကစားသမားများနှင့် ဝန်ထမ်းများအား အကြမ်းဖက်မှု၊ နှောင့်ယှက်မှု အပေါင်းမှ ကာကွယ်ရန် ရည်ရွယ်ကြောင်း သိရသည်။
