Reuters
အမေရိကန်အစိုးရက H-1B အလုပ်သမားဗီဇာအတွက် ကုမ္ပဏီများအနေဖြင့် ဝန်ထမ်းတစ်ဦးချင်းစီအတွက် တစ်နှစ်လျှင် ဒေါ်လာ ၁၀၀,၀၀၀ ပေးဆောင်ရမည်ဟု စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ရာ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ကျွမ်းကျင်လုပ်သားများကို အကြီးအကျယ်အားထားနေရသော နည်းပညာကဏ္ဍကို ကြီးမားစွာ ထိခိုက်မည့် အခြေအနေဖြစ်လာသည်။
အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောင်းဝပ် လတ်နစ်ခ်က “ခင်ဗျားတို့ တစ်ယောက်ယောက်ကို လေ့ကျင့်ပေးမယ်ဆိုရင်၊ နိုင်ငံထဲကပဲ ထူးချွန်တဲ့ တက္ကသိုလ်တွေကနေ မကြာသေးခင်ကမှ ဘွဲ့ရထားတဲ့သူတွေကို လေ့ကျင့်ပေးရမှာပါ။ အမေရိကန်တွေကို လေ့ကျင့်ပေးပါ။ ကျွန်တော်တို့ရဲ့အလုပ်တွေကို လုယူသွားမယ့် လူတွေခေါ်လာတာကို ရပ်တန့်ပါ” ဟု ပြောသည်။
H-1B ဗီဇာများကို ထိန်းချုပ်ရန် ထရမ့်၏ ခြိမ်းခြောက်မှုသည် သူ၏သမ္မတရွေးကောက်ပွဲအတွက် ဒေါ်လာသန်းပေါင်းများစွာ ထည့်ဝင်ခဲ့သော နည်းပညာလုပ်ငန်းနှင့် အဓိကပြဿနာတစ်ခု ဖြစ်လာခဲ့သည်။
အမေရိကန်နည်းပညာလုပ်သားများ အပါအဝင် အဆိုပါအစီအစဉ်ကို ဝေဖန်သူများက ကုမ္ပဏီများအနေဖြင့် လုပ်ခလစာများကို နှိမ်ထားနိုင်ပြီး အဆိုပါအလုပ်များကို လုပ်ကိုင်နိုင်သည့် အမေရိကန်များကို ဘေးဖယ်ထားနိုင်သည်ဟု ဝေဖန်ကြသည်။
Tesla (TSLA.O) အမှုဆောင်အရာရှိချုပ်နှင့် ထရမ့်၏ မဟာမိတ်ဟောင်း အီလွန် မတ်စ်အပါအဝင် ထရမ့်အစိုးရ၏ ယခုအစီအစဉ်ကို ထောက်ခံ့သူများက အရည်အချင်းပိုင်းဆိုင်ရာ ကွာဟချက်များကို ဖြည့်ဆည်းရန်နှင့် ကုမ္ပဏီများအား ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်အတွက် မရှိမဖြစ်လိုအပ်သော အလွန်ကျွမ်းကျင်သည့် လုပ်သားများကို ခေါ်ယူပေးသည်ဟု ဆိုသည်။
တောင်အာဖရိကတွင် မွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသည့် မတ်စ်ကိုယ်တိုင် H-1B ဗီဇာ ကိုင်ဆောင်ထားသူဖြစ်သည်။
စက်တင်ဘာ ၁၉ ရက်တွင် ထရမ့် လက်မှတ်ရေးထိုးခဲ့သော အဆိုပါ အမှုဆောင်အမိန့်အရ အချို့ အလုပ်ရှင်များသည် ယခုအစီအစဉ်ကို အသုံးချကာ လုပ်ခလစာများကို နှိမ်ထားသဖြင့် အမေရိကန်လုပ်သားများကို အကျိုးမရှိဖြစ်စေမည်ဟု ဆိုသည်။
အမေရိကန်နိုင်ငံရှိ နိုင်ငံခြားသား သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (STEM) လုပ်သားအရေအတွက်သည် ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်အကြား နှစ်ဆကျော် တိုးလာပြီး ၂ ဒသမ၅ သန်းနီးပါး ရှိလာသော်လည်း ယင်းကာလအတွင်း အလုံးစုံ STEM အလုပ်အကိုင်သည် ၄၄.၅ ရာခိုင်နှုန်း သာ တိုးလာခဲ့ကြောင်း အဆိုပါ အမိန့်တွင် ဖော်ပြထားသည်။
Menlo Ventures အကျိုးတူရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်နေသူ Deedy Das က X တွင် “ထပ်ဆောင်းကြေးများက ကမ္ဘာ့အတော်ဆုံး အရည်အချင်းရှိတဲ့သူတွေကို အမေရိကန်ကို ခေါ်နိုင်ဖို့ အတားအဆီး တစ်ခုဖြစ်နေပါတယ်၊ အမေရိကန်အနေနဲ့တော်တဲ့သူတွေကို မဆွဲဆောင်နိုင်ဘူးဆိုရင် နိုင်ငံရဲ့ ဆန်းသစ်တီထွင်နိုင်စွမ်းနဲ့ စီးပွားရေးတိုးတက်နိုင်စွမ်းတွေကို သိသိသာသာ လျော့ကျသွားစေမှာဖြစ်ပါတယ်” ဟုပြောကြားသည်။
ထရမ့်အစိုးရ၏ ယခုအမိန့်ကြောင့် ကုမ္ပဏီများအတွက် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျစရိတ်ကို ထပ်တိုးစေနိုင်ပြီး အထူးသဖြင့် အသေးစားနည်းပညာကုမ္ပဏီများနှင့် စတင်တည်ထောင်ခါစ လုပ်ငန်းများကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။
အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဟောင်းဝပ် လတ်နစ်ခ်က ဗီဇာသည် သုံးနှစ်အတွက် တစ်နှစ်လျှင် ဒေါ်လာ ၁၀၀,၀၀၀ ကုန်ကျမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို “စဉ်းစားနေဆဲ” ဖြစ်ကြောင်း ပြောကြားသည်။
အချို့သော လေ့လာဆန်းစစ်သူများက ယခုသတ်မှတ်လိုက်သည့် ဗီဇာကြေးကြောင့် ကုမ္ပဏီများကို တန်ဖိုးမြင့်အလုပ်အချို့ကို ပြည်ပသို့ ရွှေ့ပြောင်းရန် တွန်းအားပေးနိုင်ပြီး တရုတ်နှင့်အတူ ဉာဏ်ရည်တုဆိုင်ရာ ပြိုင်ဆိုင်မှုတွင် အမေရိကန်၏ ရပ်တည်မှုကို ဟန့်တားနိုင်သည်ဟုဆိုသည်။
“ရေတိုမှာတော့ အမေရိကန်က ငွေအမြောက်အမြား ရနိုင်ပါတယ်၊ ရေရှည်မှာတော့ အမေရိကန်ဟာ ရေတိုအကျိုးအတွက် ကာကွယ်ရေးဝါဒကို ကျင့်သုံးရာကနေ ဆန်းသစ်တီထွင်နိုင်စွမ်းကို အခွန်ကောက်ခံမှုအန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်” ဟု eMarketer မှ လေ့လာဆန်းစစ်သူ ဂျရက်မီဂိုးလ်မန်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က အိန္ဒိယသည် H-1B ဗီဇာကို အများဆုံးရရှိခဲ့ပြီး တစ်နိုင်ငံလုံး ခွင့်ပြုထားသည့်သူများ၏ ၇၁ ရာခိုင်နှုန်း ရှိခဲ့ကာ တရုတ်က ၁၁.၇ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိခဲ့သည်။
၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် Amazon.com (AMZN.O) နှင့် ၎င်း၏ cloud-computing ယူနစ်ဖြစ်သော AWS တို့သည် H-1B ဗီဇာ ၁၂,၀၀၀ ကျော်အတွက် ခွင့်ပြုချက်ရရှိခဲ့ပြီး Microsoft (MSFT.O) နှင့် Meta Platforms (META.O) တို့က H-1B ဗီဇာ ခွင့်ပြုချက် ၅,၀၀၀ ကျော်စီ ရရှိခဲ့သည်။
H-1B ဗီဇာအတွက် တစ်နှစ်လျှင် ဒေါ်လာ ၁၀၀,၀၀၀ ကို ကုမ္ပဏီကြီးများအားလုံးက သဘောတူကြသည်” ဟု လတ်နစ်ခ်က ပြောကြား သည်။
