ရန်ကုန်မြို့ပြအခြေစိုက် ဒလမြို့နယ်မှတစ်ဆင့် တွံတေးမြို့သို့ ပြေးဆွဲပေးမည့် ရန်ကုန်ဘတ်စ်စနစ် (YBS) ယာဉ်လိုင်းသစ်ကို ဇွန်လ ၁ ရက်နေ့မှစတင်ကာ ပထမဆုံးအကြိမ်အဖြစ် တရားဝင် စတင်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ (YBPC) ထံမှ သိရသည်။
အဆိုပါခရီးစဉ်ကို ဒလကားဝန်းမှ အခြေပြု၍ စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး ချယ်ရီသင်္ဘောဆိပ်ကို အသုံးပြု၍ သွားလာနေကြသည့် ခရီးသွားပြည်သူများနှင့် ဒလ၊ တွံတေးဒေသခံများ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ယာဉ်လိုင်းသစ် တိုးချဲ့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ဒလမှ တွံတေးသို့ တစ်ရက်လျှင် ယာဉ်အစီးရေ ၅ စီးမှ ၈ စီးအထိ အသုံးပြုကာ ဂိတ်ရင်းမှ နာရီဝက်လျှင် တစ်စီးနှုန်းဖြင့် နေ့စဉ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း YBPC က ဆိုသည်။
အဆိုပါခရီးစဉ်များအတွက် ကမ္ဘာ့အဆင့်မီ YUTONG အမျိုးအစား ဘတ်စ်ကားများကို အသုံးပြုထားပြီး နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ပုံမှန်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ဆိုသည်။
ယာဉ်စီးခနှုန်းထား သတ်မှတ်ချက်များနှင့် ပတ်သက်၍ အများပြည်သူ အလွယ်တကူ စီးနင်းနိုင်မည့် နှုန်းထားများကို သတ်မှတ်ပေးထားပြီး ငွေသားဖြင့် ပေးချေစီးနင်းမည်ဆိုပါက တစ်ဦးလျှင် ၈၀၀ ကျပ် ကျသင့်မည်ဖြစ်ကာ ကတ်စနစ် (YPS ကတ်) ဖြင့် ပေးချေစီးနင်းမည်ဆိုပါက ၇၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် လူမှုကရုဏာလုပ်ငန်း အနေဖြင့် သံဃာတော်များနှင့် မသန်စွမ်းသူများအတွက်မူ ယာဉ်စီးခအခမဲ့ (FOC) စနစ်ဖြင့် စီးနင်းနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။
ဘတ်စ်ကားလိုင်းသစ်ကို စီးနင်းလိုသည့် ခရီးသွားပြည်သူများအနေဖြင့် ချယ်ရီသင်္ဘောဆိပ်အနီးရှိ ကားဂိတ်မှတစ်ဆင့် စတင်စီးနင်းနိုင်မည်ဖြစ်ပြီး ခရီးစဉ်တစ်လျှောက် ဒလစာတိုက်၊ ဗိုလ်ချုပ်ပန်းခြံ၊ ဒလ-တွံတေးလမ်းဆုံ၊ မဟာဗန္ဓုလ စသည့် အဓိကမှတ်တိုင်များကို ဖြတ်သန်းကာ တွံတေးမြို့မဈေးနှင့် ရွှေဆံတော်ဘုရား (ဂိတ်ဖျား) အထိ စီးနင်းသွားလာနိုင်မည်ဖြစ်သည်။
ထို့ပြင် ဒေသခံများ သွားလာရေး ပိုမိုကျယ်ပြန့် အဆင်ပြေစေရန်အတွက် အဆိုပါ ကားဂိတ်တွင်ပင် သင်္ဘောဆိပ်မှတစ်ဆင့် ဆူးလေသို့ တိုက်ရိုက်ပြေးဆွဲပေးမည့် YBS ယာဉ်လိုင်းတစ်ခုကိုလည်း ပူးတွဲထားရှိပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုကဲ့သို့ ဒလနှင့် တွံတေးမြို့ကို ချိတ်ဆက်ပေးမည့် YBS ယာဉ်လိုင်းသစ် ပထမဆုံးအကြိမ် စတင်ပြေးဆွဲပေးနိုင်ခြင်းသည် မြို့ပြနှင့် ဆက်စပ်နေသော ဆင်ခြေဖုံးဒေသများရှိ အခြေခံလူတန်းစား ပြည်သူများ၏ သွားလာရေးစရိတ်နှင့် အချိန်တို့ကို သိသာစွာ လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း ဒေသခံများက မှတ်ချက်ပေးပြောကြားနေကြသည်။
စာတည်း – ကိုထားဝယ်
ဓာတ်ပုံ – YBPC
