မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၂၄၀ ကျော် အမေရိကန် ထောက်ပံ့

ဓာတ်ပုံ - လူမှုကွန်ရက်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ်လိုအပ်နေသည့် နိုင်ငံများအတွက် အမေရိကန်အစိုးရက ဒေါ်လာ သန်း ၂၄၀ ကျော် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၅ ရက်နေ့က တရားဝင်ထုတ်ပြန်လိုက်သည်။

အဆိုပါ ရန်ပုံငွေများကို အစားအသောက်၊ အာဟာရ၊ ကျန်းမာရေး၊ ရေနှင့် သန့်ရှင်းရေးအပြင် အမိုးအကာ ထောက်ပံ့ရေး စသည့် ကဏ္ဍစုံတွင် အသုံးပြုသွားမည်ဖြစ်သည်ဟု သိရသည်။

ယခုထောက်ပံ့မှုကို အမေရိကန်အစိုးရက ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားသော၊ ကမ္ဘာတစ်ဝန်းတွင် လူသားချင်းစာနာမှု အကူအညီပေးရေး အတွေ့အကြုံ နှစ် ၈၀ နီးပါးရှိပြီး မြန်မာနိုင်ငံ၌လည်း ကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကက်သလစ်ကူညီရေးအဖွဲ့ (Catholic Relief Services – CRS) မှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ ယခုထောက်ပံ့မှုသည် မြန်မာ၊ ကွန်ဂို၊ အီသီယိုးပီးယား၊ ဟေတီ၊ နိုင်ဂျီးရီးယားနှင့် ဆူဒန်နိုင်ငံများတွင်ရှိသည့် ဒုက္ခသည်များအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) နှင့် သဘောတူညီထားသည့် ဒေါ်လာ ၃.၈ ဘီလီယံ ထောက်ပံ့မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

အမေရိကန်တွင် သမ္မတ ဒေါ်နယ်ထရမ့် အာဏာရလာပြီးနောက်ပိုင်း နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန်အေဂျင်စီ (USAID) ကို ဖျက်သိမ်းခဲ့ခြင်းကြောင့် နယ်စပ်ရှိ မြန်မာဒုက္ခသည်များနှင့် ပြည်တွင်းရှိ ငလျင်ဘေးအပါအဝင် လူသားစာနာအကူအညီ လိုအပ်ချက်များအတွက် အမေရိကန်ဘက်က ပြည့်ပြည့်ဝဝ မတုံ့ပြန်နိုင်ဘဲ အခက်အခဲများ ကြီးစွာကြုံတွေ့ခဲ့ရကြောင်း အမေရိကန်အကြီးတန်းအရာရှိအချို့က ယခင်က ဝေဖန်ထောက်ပြခဲ့ကြဖူးသည်။

သို့သော် ယခုတစ်ကြိမ် ထောက်ပံ့မှုတွင် မြန်မာနိုင်ငံအတွက် ခွဲတမ်း မည်မျှရရှိမည်ဟူသော အသေးစိတ်အချက်အလက်ကိုမူ ထုတ်ပြန်ချက်တွင် မတွေ့ရသေးပေ။

ယခုကဲ့သို့ အမေရိကန်နိုင်ငံက သန်းနှင့်ချီသည့် အကူအညီများ ထောက်ပံ့ပေးနေသော်လည်း၊ မြေပြင်တွင် အာဏာသိမ်းစစ်တပ်၏ မတရားစစ်ပွဲဆင်နွှဲမှု၊ နေ့စဉ်ရက်စက်စွာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် ရွာလုံးကျွတ်မီးရှို့မှုများကြောင့် မြန်မာပြည်သူ သန်းပေါင်းများစွာသည် နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး အငတ်ဘေးနှင့် အိုးမဲ့အိမ်မဲ့ဘေးဒဏ်ကို အလူးအလဲ ခံစားနေကြရသည်။

ထို့ကြောင့် ဒေသတွင်းနိုင်ငံရေးလေ့လာသူများနှင့် တော်လှန်ရေးအင်အားစုများအကြားတွင် အမေရိကန်က ပေးမည့် လူသားစာနာအကူအညီများသည် စစ်တပ်လက်အောက်ခံ ယန္တရားများကြောင့် တကယ်ပဲ လိုအပ်နေသည့် မြေပြင်က စစ်ဘေးရှောင်ပြည်သူများ၏ လက်ထဲသို့ တိုက်ရိုက်ရောက်ရှိနိုင်ပါ့မလားဟူသော သံသယများနှင့် စိုးရိမ်မှုများ အကြီးအကျယ် ထွက်ပေါ်လျက်ရှိသည်။

စစ်အုပ်စုသည် နိုင်ငံတကာမှ လာသမျှအကူအညီများကို ၎င်းတို့၏ စစ်ရေး၊ နိုင်ငံရေးလက်နက်အဖြစ် အသုံးချလေ့ရှိပြီး၊ စစ်ဘေးသင့်ပြည်သူများထံ အကူအညီများ မရောက်ရှိစေရန် လမ်းကြောင်းများ ဖြတ်တောက်ခြင်းနှင့် အကူအညီပေးမည့် အဖွဲ့အစည်းများကို ကန့်သတ်ပိတ်ပင်ခြင်းများကို အစဉ်တစိုက် လုပ်ဆောင်နေခြင်းကြောင့် ဖြစ်သည်။

စစ်အာဏာရှင်၏ အကြမ်းဖက်မှုဒဏ်ကို နေ့စဉ်ရက်ဆက် ခံနေရသည့် မြန်မာပြည်သူများအတွက် အမေရိကန်၏ အကူအညီသည် မျှော်လင့်ချက်တစ်ခု ဖြစ်စေသည်မှာ အမှန်ပင်ဖြစ်သည်ဟု ဆိုသည်။

သို့သော် စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်ရှိသော လမ်းကြောင်းများနှင့် ရန်ကုန်အခြေစိုက် အဖွဲ့အစည်းများမှတစ်ဆင့် သွားမည်ဆိုပါက ယခုရန်ပုံငွေများသည် စစ်အုပ်စု၏ ဝါဒဖြန့်မှုနှင့် ကိုယ်ကျိုးရှာမှုများကြားထဲတွင်သာ ပျောက်ဆုံးသွားနိုင်ခြေရှိကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

ထို့ကြောင့် အမေရိကန်အစိုးရနှင့် CRS အဖွဲ့အနေဖြင့် အကူအညီများကို စစ်အုပ်စုလက်ထဲသို့ မထည့်ဘဲ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများ သို့မဟုတ် မြေပြင်က စစ်မှန်သည့် တိုင်းရင်းသားလူထုအခြေပြုအဖွဲ့အစည်းများ (CSOs) မှတစ်ဆင့် တိုက်ရိုက်ပေးအပ်နိုင်မှသာလျှင် စစ်ဘေးသင့်မြန်မာပြည်သူများ၏ အသက်ကို ထိရောက်စွာ ကယ်တင်နိုင်မည်ဖြစ်ကြောင်း ထောက်ပြပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။