မုဒုံတွင် ဂိတ်ဖွင့်တောင်းရမ်းနေသော စစ်သားများ ပစ်ခတ်ခံရပြီး ၂ဦးသေဆုံးဟုဆို

ဓာတ်ပုံ-Greeting from Myanmar
ပုံစာ- မုဒုံမြို့။(ပုံဟောင်း)

မွန်ပြည်နယ်၊မုဒုံမြို့နယ်အတွင်း ဂိတ်ဖွင့် တောင်းရမ်းနေသည့် စစ်သားများ ပစ်ခတ်ခံရပြီး ၂ဦး သေ ဆုံးကြောင်း သိရသည်။

ဇွန်လ၆ရက်၊မွန်းလွဲ ၁၂နာရီကျော်တွင် မော်လမြိုင်-သံဖြူဇရပ်လမ်းပေါ်ရှိ နှီးပဒေါရွာအနီး၌ ခရီး သွားကားများကို ဂိတ်ဖွင့် စစ်ဆေးနေသော စစ်သားများအား ဆိုင်ကယ်စီးလာသည့် အမျိုးသား၂ဦး က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းဂိတ်ရှိ စစ်သားများက ပုန်းအောင်း ထွက်ပြေးကြကြောင်း မုဒုံမြို့သ တင်းရင်းမြစ်ထံက သိရသည်။

“ဆိုင်ကယ်နဲ့လာတဲ့၂ယောက်က ဂိတ်နားရောက်တော့ အရှိန်လျှော့ပြီး ရပ်မလိုလုပ်ပြီးတော့ အနီး ကပ် ပစ်ထည့်တာ။ အပြင်ထွက်နေတဲ့ ၂ကောင်ပွဲချင်းပြီးပဲ။ကျန်တဲ့၄-၅ကောင်က အပစ်ခံရတာနဲ့ ပြေးကြ ပုန်းကြတာ၊တစ်ချက်ပြန်မပစ်ရဲဘူး။ဆိုင်ကယ်လည်း လွတ်သွားတယ်လို့ နှီးပဒေါရွာသား တွေ ပြန်ပြောပြတယ်”ဟု ၎င်းက MPAသို့ပြောသည်။

ယင်းစစ်သားများမှာ မုဒုံမြို့နယ်၊အဘစ်ရွာအခြေစိုက် အမှတ်၃၁၈ အမြောက်တပ်က ဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး တော်လှန်ရေးတပ်များက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
နှီးပဒေါရွာသည် အိမ်ခြေ၁၅၀၀ကျော်ရှိသည့် ကျေးရွာအုပ်စုအဆင့် ရွာကြီးဖြစ်သည်။

မေလ၂၅ရက်ညကလည်း မုဒုံမြို့နယ်၊ကမာဝက်မြို့၊ဂုံညှင်းတန်းရပ်ကွက်နေ ပြည်သူ့စစ်ခေါင်းဆောင် ကျော်မင်းကို ဆိုင်ကယ်စီးလာသည့် သေနတ်သမား၂ဦးက ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့သေးသည်။

စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။