မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်၊သက္ကောကျေးရွာရှိ မိုးလုံလေလုံလောင်းကစားရုံကို အာဏာပိုင်များ က လုံခြုံရေးယူပေးထားကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၊သက္ကောရွာ တောလမ်း ရော်ဘာခြံထဲတွင် သက္ကောကျေးရွာအုပ်ချုပ်ရေးမှူးစံခင်က တာဝန်ယူကာ မေလဒုတိယပတ်မှစတင်၍ လောင်းကစားရုံ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သိန်းရာထောင်ချီ လောင်းကြေးတတ်နိုင်သည့် လက်ကြီးကစားသမားများ လာကစားကြကြောင်း ကိုယ်တိုင်ရောက်ရှိခဲ့ သည့် သက္ကောရွာသားတစ်ဦးထံက သိရသည်။
“ဓာတ်ပုံတော့ ရိုက်လို့မရဘူး။အရပ်ဝတ်တွေနဲ့ ရဲတွေရော ပြည်သူ့စစ်တွေရော လုံခြုံရေးယူထား တယ်”ဟု ၎င်းက ပြောသည်။
မိုးရာသီသို့ရောက်ရှိပြီဖြစ်၍ မော်လမြိုင်မြို့ပေါ်နှင့် ချောင်းဆုံမြို့နယ်တို့၌ ဇာတ်ပွဲသွင်းကာ လောင်း ကစားဝိုင်းခင်းခြင်းကို ပိတ်သိမ်းလိုက်ကြပြီးနောက် သက္ကောရွာအပိုင်ထဲတွင် မိုးလုံလေလုံလောင်းက စားရုံ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သက္ကောလောင်းကစားဝိုင်းသို့ အပျော်တမ်းကစားသူများ မလာကြ ဘဲ ချောင်းဆုံ၊မော်လမြိုင်၊ပေါင်၊ ကျိုက်မရောစသည့် မြို့နယ်များမှ ပရော်ဖယ်ရှင်နယ် လက်ကြီးကစား သမားများ လာရောက်ကြကြောင်း သိရသည်။
“စံခင်ဆိုတာက အရင်ဝန်ကြီးချုပ် အောင်ကြည်သိန်းရဲ့ တပည့်ရင်း။အခုလောင်းကစားဝိုင်းကို စံခင် က တာဝန်ခံပေမဲ့ သူ့နောက်မှာ ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဇော်နိုင်ဝင်းတို့ ရှိတယ်”ဟု ချောင်း ဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မော်လမြိုင်မြို့ဘက်ခြမ်း၊မုပွန်ရပ်၊ ဘီလူးကျွန်းတံတားထိပ်မှ သက္ကောလောင်းကစားရုံသို့ ကားဖြင့် လာပါက မိနစ်၂၀ ဝန်းကျင်သာ ကြာကြောင်း သိရသည်။
ယင်းသို့ သိန်းရာထောင်ချီလောင်းကစားဝိုင်းကို ဒေသအာဏာပိုင်တို့၏ ကာကွယ်စောင့်ရှောက်မှု အောက်တွင် တရားဝင်သဖွယ် ဖွင့်ထားသော်လည်း မေလ၃၀ရက်က ချောင်းဆုံမြို့နယ်၊ကွမ်သဲရွာ၊ ဆွမ်းလောင်းဓမ္မာရုံအနီး၌ အပျော်တမ်းဖဲရိုက်နေ သူ၄ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်ခြင်းကိုမူ မည်သူကမျှ ခုခံကာကွယ်ပေးခြင်းမရှိကြောင်း ထိုင်းနိုင်ငံရောက် ကွမ်သဲရွာသားတစ်ဦးက ပြော သည်။
“အခု မွန်ပါတီက အမျိုးသားလွှတ်တော်အမတ် ကိုရဲ(ရဲထွဋ်အောင်)ဆိုတာ ကျနော်တို့ ကွမ်သဲရွာ သားပဲ။ ချောင်းဆုံမှာ ပွဲသွင်းပြီး လောင်းကစားဝိုင်းထည့်တာတွေက ရိုက်သတ်လို့မကုန်ဘူး။အဲဒါတွေ ကျတော့ ဖွင့်ခွင့်ပေးခဲ့ပြီး အခုလည်း သက္ကောမှာ သိန်းရာချီလောင်းတဲ့ဝိုင်းကျတော့ ရဲတွေက ဘာမှမ လုပ်ဘဲ ကိုယ့်ရွာသားချင်း ပိုက်ဆံရာဂဏန်းလောက် အပျော်တမ်းဆော့တာကျတော့ ဖမ်းတာ မတ ရားတာ လူတိုင်းသိတယ်။ဒါပေမဲ့၊ဘာမှ ကာကွယ်ပေးတာ၊ကန့်ကွက်ပေးတာ မရှိဘူး”ဟု ၎င်းက ပြော သည်။
ယင်းသို့သော တရားမဲ့မှုမျိုးကို မွန်ညီညွတ်ရေးပါတီအနေနှင့် လွှတ်တော်၌ မေးခွန်းမေးရဲပါသလား ဟုလည်း ၎င်းက မေးခွန်းထုတ်လိုက်သည်။
လာဘ်စားသဖြင့် ရဲမှပြုတ်လာသူ မဘသအမတ် (အမျိုးသားအကျိုးစီးပွား ဖွံဖြိုးတိုးတက်ရေးပါတီမှ ကျိုက်မရောမြို့နယ်အမတ်သန့်ဇော်)ကဇွန်လ၉ရက်တွင် စတင်ပြုလုပ်မည့် တရားမဝင်မွန်ပြည်နယ် လွှတ်တော်အစည်းအဝေး၌ လောင်းကစားမှုပပျောက်ရေးအဆို တင်သွင်းမည်ဖြစ်သော်လည်း မွန်ညီ ညွတ်ရေးပါတီကမူ ဒေသခံပြည်သူများ မလိုလားသော လောင်းကစားဝိုင်းများနှင့် ပတ်သက်ပြီး အသံ မထွက်ရဲပေ။
ဒေသတွင်းပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးကမူ “မွန်ပါတီက လောင်းကစားကိစ္စ မ ကန့်ကွက်ဘူး။လောင်းကစားဝိုင်းကနေပဲ ငွေတောင်းဖို့ရှိတယ်ထင်တယ်။အခုတောင် ချောင်းဆုံက မွန်အမတ်တွေ လောင်းကစားဝိုင်းကနေ လိုင်းကြေးရနေပြီလား မသိဘူး”ဟု ဆိုသည်။
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ရန်ဆိုသည့် ခေါင်းစဉ်ဖြင့် မွန်ညီညွတ် ရေးပါတီမှ တရားမဝင် ရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် ပါတီဝင်တို့သည် ပေါင်မြို့နယ်အ တွင်းဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများထံ မေ၈ရက်နှင့် ၉ရက်တို့၌ ငွေလိုက်လံတောင်းရမ်းခဲ့ဖူး သည်။
မွန်ပြည်နယ်တွင် တရားဝင် ပြုလုပ်နေသော လောင်းကစားဝိုင်းများမှာ အနီထောင်၊ဂလုတ်ဂလုတ်၊ဖဲ နှင့် အရုပ်လှည့်ခြင်းတို့ဖြစ်သည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ- ချောင်းဆုံတွင် ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းခင်းနေပုံ။
