နေ့စဉ် လူသတ်နေသည့် မင်းအောင်လှိုင်က မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရဖြစ်အောင် လုပ်မည်ဟုဆို

နေ့စဉ် လူသတ်နေသည့် မင်းအောင်လှိုင်က မိမိတို့ အစိုးရအနေဖြင့် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်အဖြစ် ကြိုးစာသွားမည်ဖြစ်ကြောင်း ယမန်နေ့( ဇွန် ၆ရက်) က တောင်ငူမြို့သို့ ရောက်ရှိစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဤပြောကြားချက်သည် လက်ရှိ စစ်ရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအရ အဘက်ဘက်က ကျဆင်းနေသော မြေပြင်အခြေအနေများနှင့် များစွာကွာဟချက် ရှိနေပြီး စစ်ကော်မရှင်အနေဖြင့် ၎င်းတို့ တရားဝင်မှုရရှိရေးနှင့် နယ်မြေစိုးမိုးမှု ကျုံ့ဝင်လာခြင်းကို ဖုံးကွယ်ရန် ဝါဒဖြန့်ချိရေး စကားလုံးများကိုသာ အသုံးပြုသွားခြင်း ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

၎င်းက ထိုဒေသများမှတစ်ဆင့် အခြားမြို့များကိုလည်း ဆင့်ကဲအထူးဖွံ့ဖြိုးတိုးတက်သော ဒေသများအဖြစ် ဖြစ်ပေါ်လာစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာ ဒေသများအနေဖြင့် စံနမူနာပြ အထူးဖွံ့ဖြိုးရေးဒေသများအဖြစ် ဖြစ်ပေါ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

အဆိုပါ ဒေသများသည် နိုင်ငံတော်၏ အထက်ပိုင်း၊ အောက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း စသည့် ဒေသများသို့ လက်လှမ်းမီ ချိတ်ဆက်နိုင်သည့် အလယ်ဗဟိုချက်နှင့် မြေလတ်ဒေသများ ဖြစ်သောကြောင့် အောင်မြင်နိုင်မည့် ရေခံမြေခံနှင့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ကွပ်ကဲမှု လက်လှမ်းမီရာ ဒေသများအလိုက် ဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာစေရေး စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ညွှန်ကြားခဲ့သည်။

လက်ရှိတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အပြင် အညာမြေဒေသများနှင့် စစ်ကိုင်း၊ မကွေး၊ ပဲခူးရိုးမတစ်လျှောက်တွင် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေအမြောက်အမြားကို စိုးမိုးထားသဖြင့် စစ်ကော်မရှင်သည် မိမိတို့၏ ဗဟိုချက်မဖြစ်သော နေပြည်တော်နှင့် မြေလတ်ဒေသ အနည်းစုကိုသာ ကာကွယ်ရန် ဗျူဟာမြောက် ပြင်ဆင်နေရသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။

အတုအယောင် သမ္မတ မင်းအောင်လှိုင်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို ကွပ်ကဲမှုအောက်ရှိ ဒေသများ ဖွံ့ဖြိုးတိုးတက်အောင် စနစ်တကျ စီမံကြရန် ညွှန်ကြားခဲ့သော်လည်း မြေပြင်တွင်မူ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူဆိုသူများသည် ဒေသတွင်း လုံခြုံရေးကိုပင် အာမခံချက်မပေးနိုင်ဘဲ စစ်တပ်၏ ကာကွယ်မှုကို မျှော်လင့်နေရသည့် စစ်သားစုဆောင်းရေး အကျပ်အတည်းကြား ရုန်းကန်နေကြရကြောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။

မင်းအောင်လှိုင်က မိမိတို့ တာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို ဖော်ဆောင်ပေးသည့် အစိုးရ ဟု အတုအယောင် သမ္မတ မင်းအောင်လှိုင်က တင်စားပြောဆိုခဲ့သော်လည်း အရပ်သားပြည်သူများအတွက်မူ နေ့စဉ်နှင့်အမျှ လေကြောင်းရန်ကို စိုးရိမ်နေရခြင်း၊ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရခြင်းနှင့် အဓမ္မစစ်မှုထမ်း စနစ်ကြောင့် လူငယ်လူရွယ်များ တိုင်းပြည်စွန့်ခွာ ထွက်ပြေးနေရခြင်း စသည့် ဒုက္ခဆိုးများကိုသာ ရရှိနေကြောင်း စစ်ဘေးရှောင်ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

“မင်းအောင်လှိုင်ရဲ့ မှတ်ကျောက်တင်ခံနိုင်တဲ့ အစိုးရ ဖြစ်စေရမယ်ဆိုတဲ့ စကားလုံးဟာ မြန်မာ့သမိုင်းမှာ အမှန်တကယ်ပဲ မှတ်ကျောက်တင် ကျန်ရစ်မှာပါ။ ဒါပေမဲ့ သူတို့ မျှော်လင့်သလိုမျိုး ကောင်းမွန်တဲ့ သမိုင်းမှတ်တမ်းနဲ့ မဟုတ်ဘဲ၊ တိုင်းပြည်ကို အဖျက်ဆီးဆုံးနဲ့ ပြည်သူကို အနှိပ်စက်ဆုံး အာဏာသိမ်းစစ်အုပ်စုအဖြစ် သမိုင်းမှာ ကမ္ပည်းထိုး ကျန်ရစ်ခဲ့မှာဖြစ်တယ်” ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက ပြောသည်။

နိုင်ငံရေးဆန်းစစ်ချက်များအရ ဤကဲ့သို့သော ခရီးစဉ်များနှင့် မိန့်ခွန်းများသည် စစ်တပ်အတွင်းပိုင်း စိတ်ဓာတ်ကျဆင်းနေမှုများကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ လက်အောက်ခံ ဝန်ထမ်းများကို စစ်ရေးအကျပ်အတည်းကြားကနေ အာရုံလွှဲရန် ရည်ရွယ်သည့် နိုင်ငံရေးထွက်ပေါက် ရှာခြင်းသာ ဖြစ်သည်ဟု ၎င်းက ပြောသည်။

စာတည်း-ကိုဆန်း
ဓာတ်ပုံ- MOI