စစ်အုပ်စု စီးပွားရေးလုပ်ငန်းကြီးများကို အရေးယူရန် ဂျပန်နှင့် တောင်ကိုရီးယား အလုပ်သမား သမဂ္ဂများ တောင်းဆို

ဓာတ်ပုံ-JFM

ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံရှိ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် နိုင်ငံတကာပြည်သူ့ဝန်ဆောင်မှု (PSI) ၏ နိုင်ငံအဆင့်ညှိနှိုင်းရေးကော်မတီများက တရားမဝင်မြန်မာစစ်အုပ်စုကို ကျောထောက်နောက် ခံပြုနေသော စီးပွားရေးလုပ်ငန်းကြီးများအား အရေးယူရန် တောင်းဆိုကြပြီဖြစ်ကြောင်း Justice For Myanmar က သတင်းထုတ်ပြန်သည်။

PSI ဂျပန်ကောင်စီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ပူးတွဲလုပ်ငန်းတွင် ပါဝင်လုပ်ကိုင် နေကြသော KDDI Corporation၊ Sumitomo Corporation တို့၏ အလုပ်သမားသမဂ္ဂများထံ တိုက်ရိုက် စာရေးသားပေးပို့ခဲ့ရာ၌ KDDI နှင့် Sumitomo တို့ရှိ အလုပ်သမားသမဂ္ဂများအနေဖြင့် စီမံခန့်ခွဲရေးကောင်စီ အစည်းအဝေးများတွင် ၎င်းကုမ္ပဏီများ၏ မြန်မာနိုင်ငံတွင်း လူ့အခွင့်အ ရေးဆိုင်ရာ တင်ကြိုစိစစ်မှုများကို ရှင်းလင်းပြောကြားရန် အပါအဝင် မြန်မာနိုင်ငံမှ လုပ်ငန်းများ ရုပ်သိမ်းရေး စဉ်းစားမှုအပေါ် ၎င်းတို့၏ ရပ်တည်ချက်ကို မေးမြန်းရန် PSI ဂျပန်ကောင်စီက တောင်းဆိုထားကြောင်း သိရသည်။

PSI ကိုရီးယားကောင်စီကလည်း နိုင်ငံအဆင့်ပင်စင်ဝန်ဆောင်မှုအဖွဲ့ (National Pension Service – NPS) ထံ စာရေးသားပေးပို့၍ POSCO ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရန်တောင်းဆိုထား ကြောင်း သိရသည်။

POSCO သည် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် Myanma Economic Holdings Limited (MEHL) နှင့် သံမဏိဖက်စပ်လုပ်ငန်းတစ်ခုကို လုပ်ကိုင်လျက်ရှိပြီး၊ POSCO ၏ လက်အောက်ခံကုမ္ပဏီ POSCO International သည် စစ်အုပ်စုအတွက် အဓိက နိုင်ငံခြားဝင်ငွေရင်းမြစ်တစ်ခုဖြစ်သော ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို လုပ်ကိုင်လျက်ရှိကြောင်း Justice For Myanmar ကဆိုသည်။

ယခုဆောင်ရွက်မှုများသည် စစ်အုပ်စုထံ ဘဏ္ဍာငွေ၊ စစ်လက်နက် သို့မဟုတ် နည်းပညာများ ပံ့ပိုးပေးနေသည့် PTT/PTTEP၊ GAIL၊ ONGC၊ BEL၊ Sinotruk နှင့် AviChina တို့ အပါအဝင် Justice For Myanmar က ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရန် ဖော်ထုတ်ထားသည့် ကုမ္ပဏီများအပေါ် ပစ်မှတ်ထားလုပ်ဆောင်သည့် PSI ၏ ပိုမိုကျယ်ပြန့်သော ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။