ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီး Happy Zone (Happy World) ကစားကွင်းနှင့် ကပ်လျက်ရှိ ကျောက်စိမ်းတွင်းဓမ္မာရုံသည် ကချင်ပြည်နယ်သူ ပြည်နယ်သားများ ရန်ကုန်သို့လာရောက်ပါက နားခိုနိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် စစ်ဘေးဒဏ်ကြောင့် အမှန်တကယ် ဒုက္ခရောက်၍ လာရောက်ခိုလှုံနေကြသည့် စစ်ဘေးရှောင်များအပေါ် ဓမ္မာရုံစောင့် စိုင်းထွေးအောင် ဆိုသူက နေ့စဉ်နှင့်အမျှ အမျိုးမျိုး ပြဿနာရှာကာ နှောင့်ယှက်စော်ကားမှုများ ပြုလုပ်လျက်ရှိကြောင်း စစ်ဘေးရှောင်တစ်ဦးက MPA သို့ပြောသည်။
“အဲဒီဓမ္မာရုံစောင့်ဟာ စစ်ဘေးရှောင်တွေရဲ့ အဝတ်အထည်တွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ ထမင်းစားပန်းကန် အိုးခွက်တွေကို သူ့စိတ်ထဲရှိသလို အမှိုက်ပုံးထဲ လွှင့်ပစ်တာမျိုးတွေအထိ ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်နေပါတယ်။ ဒါတင်မကသေးဘဲ ဒုက္ခသည်တွေ ချက်ပြုတ်ထားတဲ့ ဟင်းခွက်တွေကိုလည်း ခြေထောက်နဲ့ ကန်မှောက်တာမျိုးတွေပါ ပြုလုပ်နေတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင်အပြင် ဓမ္မာရုံအတွင်း ခိုလှုံနေကြသည့် အသက်ကြီးရွယ်အို မစွမ်းမသန် ဒုက္ခသည်များအပေါ်တွင်လည်း ရုတ်ရင်းကြမ်းကြုတ်သည့် စကားလုံးများ သုံးနှုန်း၍ အမြဲတစေ ကြိမ်းဝါးဆဲဆို ခြိမ်းခြောက်ခြင်းများကိုလည်း စိုင်းထွေးအောင် ကိုယ်ချင်းစာတရား ကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။
အဆိုပါကျောက်စိမ်းတွင်းဓမ္မာရုံတွင် အရက်သေစာ သောက်စားခြင်းမပြုရဟု စည်းကမ်းချက်များ ကြီးကြီးမားမား ထုတ်ပြန်ထားသော်လည်း အခြားလာရောက်တည်းခိုသည့် ဧည့်သည်များက ဓမ္မာရုံစောင့်အား ပိုက်ဆံအနည်းငယ် ပေးခြင်းဖြစ်စေ၊ ငယ်ရွယ်ချောမောသည့် မိန်းကလေးများ ဖြစ်စေပါက စိုင်းထွေးအောင် က ဘာမှ မပြောဘဲ မသိချင်ယောင်ဆောင်နေလေ့ရှိသည်။
“သူဟာ ကူညီကယ်ဆယ်ရေး လာရောက်တောင်းခံတဲ့ အကာအကွယ်မဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအပေါ်မှာသာ ရွေးချယ်ပြီး ဖိနှိပ်တာ၊ ကြိမ်းဝါးအော်ဟစ်တာနဲ့ အာဏာပြတာတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်/ စိုင်းထွေးအောင် ဆိုသူဟာ ဓမ္မာရုံအတွက် စည်းကမ်းချက်ပေါင်းများစွာ ထုတ်ထားသော်လည်း သူကိုယ်တိုင်ကမူ အဲဒီစည်းကမ်းတွေကို လုံးဝလိုက်နာခြင်း မရှိဘဲ စည်းကမ်းမဲ့ နေထိုင်နေသူ ဖြစ်ပါတယ်။” ဟု စစ်ဘေးရှောင် ပြည်သူက ဆိုသည်။
ထို့ကြောင့် စစ်ဘေးဒဏ်ကြောင့် အိုးအိမ်ပစ်ပယ်ကာ ဘဝပျက်၍ ခိုလှုံရာလာရှာကြသည့် ကချင်ပြည်နယ်မှ ဒုက္ခသည်များအပေါ် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ရက်စက်စွာ နှိပ်စက်နေသည့် ဓမ္မာရုံစောင့် စိုင်းထွေးအောင် အား သက်ဆိုင်ရာ ကချင်လူမှုရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများအနေဖြင့် ချက်ချင်းအရေးယူ ဖယ်ရှားပေးရန် စစ်ဘေးရှောင်များက လိုလားနေကြသည်။
ဓာတ်ပုံ-ပေးပို့
