မြို့သစ်မြို့နယ် အိုင်မရွာကို စစ်ကော်မရှင် နှစ်ရက်ဆက် ဗုံးကြဲ၊ ဒဏ်ရာရသူတစ်ဦး သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ အိုင်မကျေးရွာကို စစ်ကော်မရှင်က နှစ်ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုရှိပြီး ရွာလုံးကျွတ် စစ်ဘေးရှောင်နေရကြောင်း မြေပြင် သတင်းရင်းမြစ်ထံမှ စုံစမ်း သိရှိရသည်။

စစ်ကော်မရှင်တပ်သည် ဇွန်လ ၆ ရက် ညနေ ၆ နာရီဝန်းကျင်တွင် အိုင်မကျေးရွာရှိ စာသင်ကျောင်းကို ပစ်မှတ်ထား၍ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းကို တိုက်ရိုက်ထိမှန်ခြင်း မရှိသော်လည်း ရွာတွင်းရှိ နေအိမ်အချို့ ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဒဏ်ရာရရှိခဲ့သည့် အရပ်သားပြည်သူ ၅ ဦးကို ဇွန်လ ၇ ရက် မနက်ပိုင်းတွင် မြို့ပေါ်သို့ ကားဖြင့် အရေးပေါ် သယ်ဆောင်ကာ ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး ၎င်းတို့အနက် စိုးရိမ်ရသည့် အခြေအနေရှိနေသူ အပြင်းထန်ဆုံး ဒဏ်ရာရရှိထားသည့် ဒေသခံတစ်ဦးမှာ ဆေးရုံ၌ ကွယ်လွန်သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

“အိုင်မရွာနဲ့ အနီးပတ်ဝန်းကျင်တွေကို စစ်တပ်က ဖုန်းလိုင်း ဖြတ်တောက်ထားတဲ့အတွက် ဒေသတွင်း မြေပြင်အခြေအနေတွေကို ဘယ်လိုမှ ဆက်သွယ်မေးမြန်းလို့ မရတော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။ နောက်ဆုံးသိရတာတော့ ရွာကို မီးရှို့နေပြီလို့သိရတယ်” မြေပြင် အခြေအနေသိရှိသူတစ်ဦးက MPA သို့ပြောသည်။

ထိုသို့ ဗုံးကြဲပြီးနောက် ဇွန်လ ၇ ရက် မနက် ၈ နာရီဝန်းကျင်တွင်လည်း စစ်ကော်မရှင်တပ်သည် အိုင်မကျေးရွာကို လေကြောင်းမှ ဗုံး ထပ်မံကြဲချခဲ့ပြီးနောက် စစ်ကော်မရှင် စစ်သားများသည် ကျေးရွာအတွင်းသို့ ရောက်ရှိလာပြီး စစ်ကြောင်းထိုး ဝင်ရောက်မွှေနှောက်လျက်ရှိသည်။

အိုင်မကျေးရွာသည် အိမ်ခြေ ၄၀၀ ကျော်နှင့် လူဦးရေ ၆၀၀ ဝန်းကျင် နေထိုင်သည့် ကျေးရွာတစ်ရွာ ဖြစ်ကာ စစ်ကော်မရှင်၏ ရက်စက်ကြမ်းကြုတ်သည့် လေကြောင်းရန်နှင့် စစ်ကြောင်းထိုး ဝင်ရောက်လာမှုများကြောင့် အိုင်မရွာသားများသည် ရွာလုံးကျွတ် နီးစပ်ရာ တောတောင်များထဲသို့ ဆင်းရဲဒုက္ခကြီးစွာဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။