ရွှေကူမြို့မှ ပြည်သူများ ထွက်ခွာတိမ်းရှောင်ကြရန် ကေအိုင်အေ ထုတ်ပြန်

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ-ရွှေကူမြို့။

ကချင်ပြည်နယ်၊ရွှေကူမြို့နေ ပြည်သူများ မြို့မှ ထွက်ခွာ တိမ်းရှောင်ကြရန် ကေအိုင်အေက ယနေ့ (ဇွန်၈ရက်) သတိပေးလိုက်သည်။

ရွှေကူမြို့တွင်းမှ ထွက်ခွာတိမ်းရှောင်ခြင်းမရှိဘဲ မြို့ထဲ၌သာ နေထိုင်နေသော ပြည်သူများ၏ နောက် ဆက်တွဲဖြစ်လာမည့် ပြဿနာများကို KIO၊ KIA က လုံးဝတာဝန်ယူမည်မဟုတ်ကြောင်းလည်း ကေအိုင်အေ အမှတ်၁၂ တပ်ရင်း၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ယ‌နေ့ နေ့စွဲဖြင့် KIA/KIOမှ စာထုတ်ပြန် ထားသည်ကိုတွေ့ရသဖြင့် ပြည်သူများ အထူးပင်သတိပြု ကြပါရန် ပြောကြားလိုပါသည်”ဟု ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Banmaw Scout Team က ဆိုသည်။

ထို့အပြင် ရွှေကူမြို့အဝင်လမ်းမကြီးနှင့် ငါးအိုး-ရွှေကူလမ်းမကြီးကို ယနေ့မှစ၍ ရက်အကန့်အသတ် မရှိ သွားလာခွင့်ပိတ်ပင်လိုက်ကြောင်းနှင့် ပိတ်ပင်ထားသော လမ်းပိုင်းများတွင် သွားလာပြီး နောက် ဆက်တွဲ ပြဿနာဖြစ်ပေါ်လာပါက ကေအိုင်အေက တာဝန်ယူမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ပြည်သူများအနေ တော်လှန်-လမ်းကူး-စီသာ-မိုင်းကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြရန်လည်း ကေအိုင်အေက ဆိုသည်။