By MPA
အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sugionoသည် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ စစ်ကော်မရှင်၏ အတုအယောင်သမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း မြန်မာ့အသံသတင်းဌာန (MRTV) က ထုတ်လွှင့်ခဲ့သည်။
တွေ့ဆုံမှုအတွင်း မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် လွတ်လပ်ရေးကြိုးပမ်းမှု ကာလကတည်းကပင် နှစ်နိုင်ငံအစိုးရများနှင့် ခေါင်းဆောင်များအကြား ကောင်းမွန်သည့် ဆက်ဆံရေး ရှိခဲ့ကြသည့် မိတ်ဆွေဟောင်း၊ မိတ်ဆွေရင်းနိုင်ငံများ ဖြစ်ကြကြောင်း နှစ်ဖက်စလုံးက အသိအမှတ်ပြု ဆွေးနွေးခဲ့ကြသည်ဟု ထုတ်လွှင့်မှု၌ ဖော်ပြထားသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ ထုတ်လွှင့်မှုအရ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို နားလည်သိရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ ဒါ့အပြင် အတုအယောင်သမ္မတ မင်းအောင်လှိုင် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရအနေဖြင့် မြန်မာနိုင်ငံကို ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသော နိုင်ငံတော်အဖြစ် ဖော်ဆောင်ပေးနိုင်မည်ကို အပြည့်အဝ ယုံကြည်မှုရှိကြောင်း ပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။
ထို့အပြင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို အာဆီယံ၏ အစိတ်အပိုင်းအဖြစ်လည်းကောင်း၊ မိမိတို့၏ မိတ်ဆွေအဖြစ်လည်းကောင်း အမြဲမှတ်ယူထားပြီး မြန်မာနိုင်ငံကို အောင်မြင်သော၊ ငြိမ်းချမ်းသော နိုင်ငံအဖြစ် ဖြစ်ပေါ်လာစေရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားဘက်က ကတိပြုခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
တစ်ဖက်တွင်လည်း ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ မိမိတို့နိုင်ငံများတွင် ရှိသည့် ကိုယ်ပိုင်စရိုက်လက္ခဏာများနှင့် ယဉ်ကျေးမှုများအပေါ် အခြေခံကာ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာ ကျင့်သုံးဆောင်ရွက်သင့်ကြောင်းကိုလည်း နှစ်နိုင်ငံခေါင်းဆောင်များက အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အတုအယောင်သမ္မတ မင်းအောင်လှိုင်၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းအကြား အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာ-အာဆီယံအကြား ပိုမိုတောင့်တင်းခိုင်မာသည့် ဆက်ဆံမှုများ ပြန်လည်တိုးတက်စေရေးနှင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို ပိုမိုကောင်းမွန်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အလားတူ မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်သူများက အားကိုးရပြီး ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ၊ တည်ငြိမ်အေးချမ်းသော နိုင်ငံတစ်ခုအဖြစ် ဖော်ဆောင်ပေးနိုင်သည့် မှတ်ကျောက်တင်ခံနိုင်သော အစိုးရတစ်ရပ်အဖြစ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့သည်။
