Proof of Life စကားလုံးကို သုံး၍ အလှူငွေ မရှာကြရန် မေတ္တာရပ်ခံ

Proof of Life စကားလုံးကို အသုံးပြု၍ ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းနှင့် အလှူငွေ ရှာဖွေခြင်း တို့ မပြုလုပ်ရန် မေတ္တာရပ်ခံလိုက်သည်။

Proof of Life အသုံးအနှုန်းသည် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေဆဲဖြစ်ကြောင်း ခိုင်မာ သောသက်သေအထောက်အထား ရရှိနိုင်ရေးအတွက် တောင်းဆိုခြင်းဖြစ်ပြီး အမှတ်တံဆိပ်တစ်ခုမ ဟုတ်ကြောင်း ထို့ကြောင့် Proof of Life နှင့်ပတ်သက်၍ မည်သည့်ပစ္စည်းမျှ ရောင်းချခြင်း၊အလှူငွေ ရှာဖွေခြင်းတို့ လုပ်ဆောင်နေခြင်းမရှိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေ ကြောင်း သက်သေပြနိုင်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုပေးခြင်းဖြင့် ကူညီကြစေလိုကြောင်း All In One Piece Movement က ယနေ့(ဇွန်၉ရက်)ထုတ်ပြန်ထားသည်။

“ကျနော်တို့ဘက်မှာတော့ ဒီကမ်ပိန်းကို အကြောင်းပြုပြီး ငွေနဲ့ဆက်စပ်လုပ်ကိုင်တာမျိုး ကျနော် မကြားမိဘူး။ ကျနော်မကြားမိဘူးလို့ ပြောတာနော်။မရှိဘူးလို့ ပြောတာမဟုတ်ဘူး။ရိုးရိုးသားသား တော်လှန်ရေးအတွက် Proof of Life ကိုသုံးပြီး အလှူငွေကောက်တာမျိုးတောင် ကမ်ပိန်းရဲ့ ရည် ရွယ်ချက်နဲ့ ပုံရိပ်ကျဆင်းနိုင်လို့ မလုပ်အပ်ပါဘူး။အခုလို ထုတ်ပြန်တာကလည်း ဒါမျိုး လုပ်တာတွေ ရှိလာတာကြောင့်လို့ထင်တယ်”ဟု နွေဦးတော်လှန်ရေးအတွင်း ဩစတြေးလျနိုင်ငံသို့ ရောက်ရှိခိုလှုံ နေသော မြန်မာတစ်ဦးက MPAသို့ပြောသည်။

Proof of Life Campaign ၊ Proof of Life အသုံးအနှုန်းနှင့် Campaign image များကို မှန်မှန်ကန် ကန်အသုံးပြုကြရန် အနူးအညွတ်တောင်းပန်ကြောင်းနှင့် ခြွင်းချက်အနေဖြင့် ငွေကြေးတစ်စုံတစ်ရာ နှင့်ပတ်သက်ခြင်းမရှိဘဲ အသုံးပြုလိုပါက အသုံးပြုနိုင်ကြောင်းလည်း All In One Piece Movement က ထုတ်ပြန်ထားသည်။

Proof of Life ကမ်ပိန်းကို ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း(ခ)ကင်မ်အဲရစ် က ဦး ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း အထောက်အထားပြရန် ဧပြီ၂၁ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၊ပြည်ပရောက် မြန်မာပြည်သူများက Proof of Life ကမ်ပိန်း ဆင်နွှဲလျက်ရှိသည်။

ဓာတ်ပုံ- All In One Piece Movementဖေ့စ်ဘွတ်ခ်
ပုံစာ- ပြည်တွင်း၊ပြည်ပ Proof of Life လှုပ်ရှားမှုများ။