ဖြူး စစ်တပ်ဂိတ်စခန်းကို ပကဖ ဝင်တိုက်၊စစ်သား၂ဦး သေဆုံး၊ ပိတ်မိနေသော ရဲဘော်၃ဦးကို အန္တရာယ်ကင်းစွာ ကယ်ထုတ်နိုင်ခဲ့ဟုဆို

ဓာတ်ပုံ-ဖြူးမြို့နယ်ပကဖ
တိုက်ပွဲဝင် ပကဖ ရဲဘော်များ။(ပုံဟောင်း)

ပဲခူးတိုင်း၊ဖြူးမြို့နယ်အတွင်းရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၂ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဖြူးမြို့နယ်ပကဖ က ယနေ့(ဇွန်၉ရက်) သတင်း ထုတ်ပြန်သည်။

ဖြူးမြို့နယ်၊ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ညောင်ပင်သာမြို့နှင့် ခလရ၅ကြား၊အမြန်လမ်း ၁၀၇မိုင်၊၅ဖာလုံသို့ ဆက်သွယ်ထားသော စိမ့်ကြီးလမ်းပေါ် စစ်တပ်ဂိတ်စခန်းကို ဖြူးမြို့နယ် ပကဖက ဇွန်လ၇ရက်၊နံနက်၈နာရီခွဲခန့်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး MA-1 သေနတ် တစ်လက်နှင့်ကျည်ဘောက်တစ်ခုသိမ်းဆည်းရရှိခဲ့ကာ ဖြူးပကဖ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို မသိပေမဲ့ ဒါဟာ နေပြည်တော်ဝိုင်းပတ်စစ်ဆင်ရေးရဲ့ အစိတ်အပိုင်း တစ်ရပ်ပါပဲ။ နောက်ထပ်ပြည်သူတွေ မျှော်နေတဲ့ တိုက်ပွဲတွေနဲ့ အောင်ပွဲတွေ ဆက်လာဖို့ရှိပါတယ်” ဟု ညောင်လေးပင်ခရိုင်အခြေစိုက် PDFသတင်းရင်းမြစ်က MPAသို့ပြောသည်။

ထို့အပြင် လုံခြုံရေးအရ 9mm သေနတ်အတိုတစ်လက်နှင့်ဆိုင်ကယ်၂စီး စွန့်လွှတ်ခဲ့ရပြီး ရန်သူနယ် မြေအတွင်း၌ ပကဖ ရဲဘော်၃ဦး ပိတ်မိနေခဲ့ရာ ပိတ်မိနေသောရဲဘော်များအား ဇွန်လ ၈ရက် နံနက် ၃နာရီကျော်၌ ဖြူးမြို့နယ် ပကဖနှင့်နဂါးနီတပ်ရင်းတို့ ပူးပေါင်း၍ အန္တရာယ်ကင်းစွာ ပြန်လည်ကယ် ထုတ်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ရန်ကုန်-မန္တလေးလမ်းဟောင်းကို ပြန်လည်ဖြတ်သန်းစဉ် ကင်းပုန်းဝပ်နေသော စစ်သားတစ်ဦးကို ဖြူးမြို့နယ် ပကဖ ရဲဘော်က ပစ်ခတ်ခဲ့ရာ သေဆုံးသွားပြီး ရန်သူကင်းပုန်းများကြားမှ အန္တရာယ် ကင်းစွာ ထွက်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။