ပေါ်တာဆွဲခြင်းနှင့် ခိုးဆိုးလုယက်ပေါနေသည့် ရန်ကုန်ကို Smart City ဖြစ်အောင်လုပ်သွားမည်ဟု အတုအယောင် ရန်ကုန်ဝန်ချုပ်ပြော

ပေါ်တာဆွဲခြင်းနှင့် ခိုးဆိုးလုယက်ပေါနေသည့် ရန်ကုန်မြို့ကို Smart City ဖြစ်စေရန် လုပ်ဆောင်သွားမည်ဟု မင်းအောင်လှိုင်ခန့် အတုအယောင် ရန်ကုန်တိုင်း ဝန်ချုပ် အောင်နိုင်သူက စစ်ကော်မရှင်ခန့် သတင်းမီဒီယာများတွင် ပြောကြားထားသည်။

အောင်နိုင်သူက ရန်ကုန်မြို့ကို နိုင်ငံတကာအဆင့်မီ Smart City အဖြစ် ပြောင်းလဲလာစေရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိကဝတ်ပြုခဲ့ပြီး ပြည်သူလူထုအနေဖြင့် ယုံကြည်မှုအပြည့်ဖြင့် စိတ်လုံခြုံအေးချမ်းသာယာစွာ သွားလာလုပ်ကိုင်နိုင်စေရေးအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များကို စနစ်တကျ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၎င်းအပြင် အဆိုပါ လုပ်ငန်းစဉ်များတွင် လူစွမ်းအား၊ စက်စွမ်းအားနှင့် နည်းပညာစွမ်းအားများကိုပါ အပြည့်အဝ သုံးစွဲနိုင်ရန် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလိုအပ်သည့် လျှပ်စစ်မီး အပြည့်အဝ အသုံးပြုနိုင်ရေးကို အလေးထား ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် စက်ရုံအလုပ်ရုံများ လျှပ်စစ်စွမ်းအား အပြည့်အဝ အသုံးပြုနိုင်ရန်အတွက် ခရိုင်တစ်ခုချင်းအလိုက် စွန့်ပစ်အမှိုက်မှတစ်ဆင့် လျှပ်စစ်ထုတ်လုပ်နိုင်ရေးကို နိုင်ငံတကာပညာရှင်များနှင့် ပူးပေါင်း၍ စီမံဆောင်ရွက်နေကြောင်း အကျယ်တဝင့် ပြောဆိုခဲ့သည်။

သို့သော်လည်း ယခု ၂၀၂၆ ခုနှစ်အတွင်း ရန်ကုန်မြို့ခံများ မြေပြင်တွင် အမှန်တကယ် ကြုံတွေ့နေရသည့် အခြေအနေမှာ အဆိုပါ ပြောဆိုချက်များနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေကြောင်း မြို့ခံများက ဆိုကြသည်။

အထူးသဖြင့် ရန်ကုန်မြို့အနှံ့အပြားတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ လူငယ်များကို လမ်းပေါ်မှ ပေါ်တာဆွဲ ဖမ်းဆီးနေမှုများ ဆိုးရွားစွာ ဖြစ်ပွားနေခြင်းကြောင့် ပြည်သူများမှာ အပြင်ထွက်ရန်ပင် ထိတ်လန့်စိုးရိမ်နေရသည့် အခြေအနေ ဖြစ်နေသည်။

“ Smart City ထက် အရင်ဆုံး လမ်းပေါ်ထွက်ရင် ပေါ်တာဆွဲမခံရဖို့ပဲ ဆုတောင်းနေရတယ်။ ညဘက်ဆိုရင်လည်း ရပ်ကွက်ထဲ စစ်တပ်နဲ့ ရဲက ဧည့်စာရင်းအကြောင်းပြပြီး ဝင်ဖမ်းမှာ ကြောက်နေရတာ။ ဘယ်လိုလုပ်ပြီး စိတ်လုံခြုံအေးချမ်းစွာ သွားလာနိုင်မှာလဲ” ဟု လှိုင်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မြို့ခံလူငယ်တစ်ဦးက ရင်ဖွင့်သည်။

ထို့ပြင် ရန်ကုန်မြို့အတွင်းရှိ ရပ်ကွက်များတွင် မူးယစ်ဆေးဝါးပြဿနာများနှင့်အတူ ခိုးဆိုးလုယက်မှုများ၊ နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသော်လည်း စစ်ကောင်စီ၏ လုံခြုံရေးအဖွဲ့များက ထိရောက်စွာ နှိမ်နင်းပေးခြင်း မရှိကြောင်း သာကေတမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုထားသည်။

“ရပ်ကွက်ထဲမှာ ခိုးဆိုးလုယက်မှုတွေက ပေါမှပေါပဲ။ ဖုန်းလုတာ၊ ဆိုင်ကယ်ခိုးတာတွေက ရဲစခန်းသွားတိုင်လည်း ဘာမှလုပ်မပေးဘူး။ စစ်တပ်က လမ်းပေါ်မှာ လူငယ်တွေကို လိုက်ဖမ်းဖို့ပဲ စိတ်ဝင်စားတာ။ ကိုယ့်အိမ်ထဲမှာ ကိုယ်နေတာတောင် မလုံခြုံသလို ခံစားရတယ်” ဟု အဆိုပါ မြို့ခံအမျိုးသမီးက ပြောသည်။

စစ်ကော်မရှင်ခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ Smart City အကောင်အထည်ဖော်မည့် ကတိကဝတ်များနှင့် လျှပ်စစ်မီးပေးမည်ဆိုသည့် ပြောဆိုချက်များသည် မြေပြင်တွင် ပေါ်တာဆွဲခြင်း၊ ခိုးဆိုးလုယက်ပေါများခြင်းနှင့် မီးပျက်ခြင်းဒုက္ခများကို အလူးအလဲ ခံစားနေရသည့် ရန်ကုန်ပြည်သူလူထုအတွက်တော့ လက်တွေ့မကျသည့် စက္ကူပေါ်က အိမ်မက်များသာ ဖြစ်နေကြောင်း ဒေသခံများက သုံးသပ်သည်။

ရန်ကုန်မြို့ကို Smart City ဖြစ်အောင် လုပ်ဆောင်မည်ဟု ပြောဆိုနေသည့် လက်ရှိ မင်းအောင်လှိုင်ခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်ခဲ့သည့် နေပြည်တော် ဗစ်တိုးရီးယား ကလေးငယ်အမှုတွင်လည်း ဝေဖန်မှု အကြီးအကျယ် ခံခဲ့ရသူ ဖြစ်သည်။

၎င်းသည် ထိုစဉ်က ဒုရဲချုပ်အဖြစ် တာဝန်ယူထားစဉ်အတွင်း အမှုမှ တရားခံအစစ်အမှန်ကို ဖော်ထုတ်ပေးနိုင်ခြင်း မရှိသည့်အပြင်၊ အပြစ်မရှိသည့် ဉာဏ်လင်းအောင် (ခ) အောင်ကြီးကို တရားခံဖြစ်အောင် ပုံဖော်ရန် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်၍ မီဒီယာများရှေ့တွင် သက်သေအထောက်အထား မခိုင်လုံဘဲ လူသိရှင်ကြား စွပ်စွဲပြောဆိုခဲ့ခြင်းကြောင့် ပြည်သူလူထုနှင့် ဥပဒေပညာရှင်များအကြား ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခြင်းကို ခံခဲ့ရသည့် နောက်ခံသမိုင်း ရှိခဲ့သူ ဖြစ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက်