လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်မွေးခွေးလေး တိုက်ချီတို သည် အသက်ကြီးရင့်မှုဒဏ်ကြောင့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်၂၀၂၂ ခုနှစ်အတွင်းကလည်း တိုက်ချီတို သေဆုံးသွားခဲ့ပြီဟူ၍ သတင်းအမှားများ တစ်ကြိမ် ထွက်ပေါ်ဖူးသော်လည်း အခုတစ်ကြိမ်တွင်မူ အသက် ၁၆ နှစ်အရွယ်ရှိပြီဖြစ်သော အချစ်တော်ခွေးလေးသည် အမှန်တကယ်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ပါသည်။
ပြီးခဲ့သည့် လပိုင်းကလည်း တိုက်ချီတိုလေးသည် မျက်စိကွယ်လုနီးပါးဖြစ်ခဲ့သည့် ရုပ်သံများလူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သေးသည်။
အဆိုပါ တိုက်ချီတိုလေးကို လွန်ခဲ့သော ၂၀၁၀ ပြည့်နှစ်၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာချိန်တွင် သားအငယ်ဖြစ်သူ ကိုထိန်လင်း (Kim Aris) က မိခင်ဖြစ်သူ အထီးကျန်မှုပြေပျောက်စေရန်အတွက် လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် တိုက်ချီတိုကို ၎င်း၏နေအိမ်၌ ရှိစဉ်အတွင်း တစ်ဦးတည်းသော မိသားစုဝင်အဖြစ် အလေးအနက် တန်ဖိုးထားခဲ့သည်။
၎င်းအနေဖြင့် တိုက်ချီတိုကို ခွေး ဟု သာမန်ကာလျှံကာ ခေါ်ဝေါ်ခြင်းမျိုးကိုပင် မနှစ်မြို့သကဲ့သို့၊ မိမိ၏ ဘဝနောက်ဆုံးအချိန်အတွင်း၌ တစ်ဦးကိုတစ်ဦး အပြန်အလှန် စောင့်ရှောက်ရင်း အတူတူ အိုမင်းသွားကြမည်ဟုလည်း မကြာခဏ ထုတ်ဖော်ပြောဆိုတတ်သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ထပ်မံဖမ်းဆီးခံရပြီးနောက်ပိုင်း ခြံဝင်းအတွင်း ကျန်ရစ်ခဲ့သော တိုက်ချီတိုလေးကို နီးစပ်သူများက သေချာစွာ ဆက်လက်ကျွေးမွေးစောင့်ရှောက်ခဲ့ကြပြီး၊ အခုအခါတွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြန်လည်ဆုံတွေ့ခွင့်မရတော့ဘဲ ဘဝတစ်ပါးကူးပြောင်းသွားခဲ့ပြီဖြစ်သည်။
