မဲဆောက်တွင် မြန်မာဆိုင်ကယ်ခိုးဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖော်ထုတ်ဖမ်းဆီး

By Khaosod

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း ခိုးယူထားသော ဆိုင်ကယ်များကို ပုံစံပြောင်းလဲခြင်းနှင့် အစိတ်အပိုင်းများ ဖြုတ်ကာ အပိုပစ္စည်းအဖြစ် ပြန်လည်ရောင်းချနေသည့် မြန်မာနိုင်ငံသား ၃၀ ကျော် ပါဝင်ပတ်သက်နေသော ဆိုင်ကယ်ခိုးယူမှုကွန်ရက်တစ်ခုကို ထိုင်းအာဏာပိုင်များက ဖော်ထုတ်ဖမ်းဆီးလိုက်သည်။

ယနေ့ ဇွန်လ ၉ ရက်နေ့တွင် မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်ကန့်ဖွန်း ဖိဖတ်မွန်ထရီကွန် (Kantpong Pipatmontrikul) ၏ ညွှန်ကြားချက်ဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ့စစ်စေတနာ့ဝန်ထမ်းများနှင့် မဲဆောက်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သံသယရှိဖွယ်နေရာတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာသံသယရှိသူ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများမှာ အသက် ၁၉ နှစ်အရွယ် သော်ဝင်းအောင်နှင့် အသက် ၁၆ နှစ်အရွယ် ကြံရာပါ မြန်မာလူငယ်တစ်ဦးတို့ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုသည် လွန်ခဲ့သည့် ဇွန်လ ၆ ရက်နေ့က မဲကူ (Mae Ku) ကျေးရွာအုပ်စုရှိ အငှားအိမ်ရာတစ်ခုတွင် ဖြစ်ပွားခဲ့သော ဆိုင်ကယ်ခိုးယူမှု တိုင်ကြားချက်အရ စုံစမ်းဖော်ထုတ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးရေးမှူးများသည် ဒေသခံအုပ်ချုပ်ရေးကွန်ရက်များနှင့် ရပ်မိရပ်ဖများထံမှ ရရှိသည့် သတင်းအချက်အလက်များအတိုင်း သံသယရှိသူများနောက်သို့ ထောက်လှမ်းလိုက်လံခဲ့ကြသည်။

ထို့နောက် အဆိုပါအဖွဲ့သည် ခိုးယူထားသော ဆိုင်ကယ်များကို ပုံစံပြောင်းလဲခြင်းနှင့် အစိတ်အပိုင်းများ ဖြုတ်ခြင်းတို့ကို ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များသည် မြန်မာရွှေ့ပြောင်းလုပ်သားအများစု နေထိုင်ရာ ရပ်ကွက်တစ်ခုရှိ သိုလှောင်ရုံတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

၎င်းစီးနင်းမှုအတွင်း ရဲတပ်ဖွဲ့သည် မကြာသေးမီက ခိုးယူခံထားရသော ဆိုင်ကယ်တစ်စီးနှင့်အတူ ၎င်းဝုဏ်အတွင်းရှိ အခြားဆိုင်ကယ်များ၏ အစိတ်အပိုင်းများနှင့် အကြွင်းအကျန်များကိုပါ သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့သည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါ ဆိုင်ကယ်ခိုးယူမှုဂိုဏ်းတွင် အဖွဲ့ဝင် ၂၀ မှ ၃၀ အကြား ရှိနိုင်ပြီး မဲဆောက်နှင့် ပတ်ဝန်းကျင်ဒေသများရှိ မြို့ပြနှင့် ကျေးလက်ဒေသ နှစ်ခုလုံးရှိ ဆိုင်ကယ်များကို ပစ်မှတ်ထား လှုပ်ရှားနေကြခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် သံသယရှိသူနှစ်ဦးကို ဆိုင်ကယ်ခိုးယူမှုဖြင့် တရားစွဲဆိုထားပြီး စုံစမ်းစစ်ဆေးရေးမှူးများသည် ယင်းကွန်ရက်နှင့် ဆက်နွှယ်နေသည့် အခြားသံသယရှိသူများကို ဆက်လက်ဖော်ထုတ်ကာ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။