ရည်းစားဟောင်းဖြစ်သူက ထိုင်းအမျိုးသမီးတစ်ဦးကို သားဖြစ်သူရှေ့၌ပင် သေနတ်ဖြင့် ပစ်သတ်

ထိုင်းနိုင်ငံတွင် ရည်းစားဟောင်းဖြစ်သူက အမျိုးသမီးတစ်ဦးကို ၎င်း၏ ၂နှစ်အရွယ် သားငယ်ရှေ့၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသွားကြောင်း သိရသည်။

ထို့နောက် တရားခံဖြစ်သူကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် ကားအတွင်း၌ပင် ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ကာ အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။

သရပူရီမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သရပူရီခရိုင်အတွင်းရှိ ဖဟွန်ယိုသင်း (Phahon Yothin) လမ်းမပေါ်သို့ အရေးပေါ် ဆင့်ခေါ်ခြင်းခံရသဖြင့် သွားရောက်စစ်ဆေးရာတွင် အသက် ၂၆ နှစ်အရွယ် ထိုင်းအမျိုးသမီး ပုန်၏ ရုပ်အလောင်းကို ၎င်း၏ ဟွန်ဒါဂျက်ဇ် အဖြူရောင် မော်တော်ကားဘေးတွင် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

သေဆုံးသူ အမျိုးသမီးသည် အဆိုပါဒေသရှိ စက်သုံးဆီဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး၊ ဖော်လိုဝါ (Followers) ၂ သိန်းကျော်ရှိသည့် ကိုယ်ပိုင် TikTok အကောင့်တစ်ခုကို ဖွင့်လှစ်ထားသူလည်း ဖြစ်သည်။

သေဆုံးသူ၏ နောက်ကျောနှင့် လည်ပင်းတို့၌ သေနတ်ဒဏ်ရာများ ရရှိထားပြီး၊ ၎င်း၏ အသက် ၂ နှစ်အရွယ် သားငယ်ကိုမူ ကားအတွင်း၌ ဒဏ်ရာတစ်စုံတစ်ရာ မရရှိဘဲ ဘေးကင်းစွာဖြင့် ပြန်လည်တွေ့ရှိခဲ့ရသည်။

သေဆုံးသူ အမျိုးသမီး၏ လက်ရှိခင်ပွန်းဖြစ်သူ ကလာ၏ ရဲတပ်ဖွဲ့သို့ ထွက်ဆိုချက်အရ အခင်းမဖြစ်ပွားမီ အချိန်အနည်း ငယ်အလိုက ၎င်းသည် ဇနီးဖြစ်သူနှင့် Video Call ပြောဆိုနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇနီးဖြစ်သူသည် ရည်းစားဟောင်းဖြစ်သူ ဘီယာ နှင့် တွေ့ဆုံရန်အတွက် ချလန်ပရာကီးယပ် ခရိုင်ရှိ ၎င်း၏နေအိမ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ တရားခံ ဘီယာသည် ယခင်က ဆီသယ်ယာဉ်မောင်းတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး၊ သေဆုံးသူ အမျိုးသမီးအား ဆီအချို့ ပေးမည်ဟု အကြောင်းပြကာ အခင်းဖြစ်ပွားရာနေရာသို့ ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးရေး အရာရှိများက ဤလူသတ်မှု၏ အဓိကနောက်ခံ အကြောင်းရင်းကို အချစ်ရေး ပဋိပက္ခများနှင့် အလုပ်အကိုင်ရေးရာ ကိစ္စရပ်များဟူ၍ ရှုထောင့်နှစ်ခုဖြင့် စစ်ဆေးနေကြသည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သေဆုံးသူ ပုန်သည် ယခင်က ကလာနှင့် အိမ်ထောင်ကျဖူးပြီး ကလေးတစ်ဦး ရရှိခဲ့ကာ လမ်းခွဲခဲ့ကြကြောင်း၊ ထို့နောက် ဘီယာနှင့် ထပ်မံချစ်ကြိုက်ခဲ့ပြီး ပြတ်စဲသွားခဲ့ကာ လက်ရှိတွင် ကလာနှင့် ပြန်လည်သင့်မြတ်ကာ အတူနေထိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ယခုကဲ့သို့ ရှုပ်ထွေးလှသည့် အချစ်ရေး နောက်ခံသမိုင်းကြောင့် သဝန်တိုကာ လူသတ်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သံသယရှိနေကြသည်။

ထို့အပြင် နောက်ထပ် အဓိက အကြောင်းရင်းတစ်ခုမှာ အဆိုပါ အမျိုးသမီးသည် တရားခံ ဘီယာ၏ အလုပ်ခွင်အတွင်း မလျော်ကန်သော အပြုအမူများနှင့် ပတ်သက်၍ ဆီဆိုင်မန်နေဂျာထံ တိုင်ကြားခဲ့ဖူးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းတိုင်ကြားမှုကြောင့် တရားခံ ဘီယာသည် အခင်းမဖြစ်ပွားမီ ရက်ပိုင်းအလိုကပင် အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့က တရားခံသည် အလုပ်ပြုတ်သွားသည့်အပေါ် မကျေနပ်သဖြင့် ကလဲ့စားချေလိုစိတ်ဖြင့်ပါ ယခုလူသတ်မှုကို ပူးတွဲကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူဆထားကြသည်။

လူသတ်မှုကို ကျူးလွန်ပြီးနောက် တရားခံ ဘီယာသည် မော်တော်ကားဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ရဲတပ်ဖွဲ့က နခွန်ရက်ချာဆီမာ ခရိုင်ရှိ Friendship လမ်းမကြီးပေါ်တွင် ၎င်း၏ ယာဉ်ကို ခြေရာခံမိခဲ့ကြောင်း၊ ထိုသို့ လိုက်လံဖမ်းဆီးစဉ် တရားခံ၏ ကားတာယာ ပေါက်ထွက်သွားခဲ့သဖြင့် ရှေ့ဆက်မောင်းနှင်နိုင်ခြင်း မရှိတော့ဘဲ လမ်းဘေး၌ ရပ်တန့်သွားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက ၎င်း၏ကားအနီးသို့ ချဉ်းကပ်သွားချိန်တွင် တရားခံ ဖြစ်သူမှာ ကားအတွင်း၌ပင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး၊ ၎င်းသည် ရဲတပ်ဖွဲ့လက်တွင်းသို့ အဖမ်းမခံဘဲ မိမိကိုယ်ကို သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ကာ အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။