ချောင်းနှင့် မြစ်ရေများ ပင်လယ်အတွင်း စီးဝင်နေမှု တိုင်းပြည်အတွက် နစ်နာမှုဖြစ်ဟု မင်းအောင်လှိုင်ပြော

ဓာတ်ပုံ-MRTV

အတုအယောင် သမ္မတ မင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအရင်းအမြစ်များသည် မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်အတွင်းသို့ စီးဝင်သွားခြင်းမှာ နိုင်ငံအတွက် နစ်နာဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ယနေ့(ဇွန် ၉ရက်)တွင်ပြုလုပ်သည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေး၌ ၎င်းက ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက ရေကို သုံးစွဲရာ၌ အဟောသိကံ မဖြစ်စေဘဲ စနစ်တကျ သုံးစွဲတတ်သည့် ပညာရပ်များကို အခြေခံပညာကျောင်းများ အပါအဝင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းများတွင်ပါ ထည့်သွင်းသင်ကြားပေးသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံအတွင်းရှိ မြစ်ချောင်းများ၌ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သော်လည်း၊ ရေရှည်အကျိုးရလဒ်ကို နားမလည်ဘဲ နိုင်ငံဖွံ့ဖြိုးတက်လာမည့်အရေးကို မလိုလားသည့် ပြည်တွင်းပြည်ပမှ သွေးထိုးလှုံ့ဆော်သူများ၏ စကားကို နားယောင်ကာ ကန့်ကွက်ခဲ့ကြမှုများကြောင့် ရေအားလျှပ်စစ်စီမံကိန်းကြီးများ ယနေ့အချိန်ထိ နှောင့်နှေးနေရဆဲဖြစ်ကြောင်း အပြစ်ပုံချ ပြောဆိုသွားခဲ့သည်။

အကယ်၍ ထိုကဲ့သို့ ကန့်ကွက်မှုများ မရှိခဲ့ပါက ယခုအချိန်တွင် မိမိတို့နိုင်ငံ၌ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ရရှိနေပြီဖြစ်ကြောင်းလည်း မင်းအောင်လှိုင်က ဆိုသည်။

သို့သော်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များနှင့် ဝေဖန်သုံးသပ်သူများကမူ သဘာဝတရားအရ မြစ်ချောင်းများ ပင်လယ်ထဲသို့ စီးဝင်ခြင်းသည် ဂေဟစနစ်လည်ပတ်မှုအတွက် မရှိမဖြစ်လိုအပ်သည့် သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်ပြီး၊ ယခုကဲ့သို့ မင်းအောင်လှိုင်၏ ပြောကြားချက်မှာ သိပ္ပံနည်းကျ အသိပညာကင်းမဲ့မှုကို ပြသရာရောက်ကြောင်း ထောက်ပြကြသည်။

“သဘာ၀ဓာတ်ငွေ့၊ လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်၊ ဇီ၀ စွမ်းအင် အားလုံး မြန်မာပြည်မှာ ထုတ်လို့ရတယ်။ ရေအားလျှပ်စစ်ထုတ်ဖို့ တာဆူနေတာက တရုတ်နိုင်ငံပဲ၊ တရုတ်ကြီးကို ဖားဖို့အတွက် ရေအားလျှပ်စစ်စီမံကိန်းကို ကန့်ကွက်ခဲ့တဲ့သူတွေကို အပြစ်ပုံချနေတာလို့ပဲ မြင်တယ်” ဟု သဘာ၀ပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။

ထို့အပြင် လက်ရှိမြန်မာနိုင်ငံတစ်ဝန်းတွင် အဆိုးရွားဆုံး ကြုံတွေ့နေရသည့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနှင့် စီမံကိန်းကြီးများ ရပ်ဆိုင်းနေရခြင်းမှာ အများပြည်သူ ကန့်ကွက်မှုကြောင့် မဟုတ်ဘဲ၊ စစ်ကော်မရှင်၏ စီမံခန့်ခွဲမှု အလွဲအချော်များနှင့် စစ်ရေးပဋိပက္ခများကြောင့်သာ ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။