By South China Morning Post
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအနေဖြင့် သွင်းကုန်လုပ်ငန်းရှင် ထောင်ပေါင်းများစွာထံမှ တရားမဝင်ကောက်ခံခဲ့သည့် ဒေါ်လာဘီလီယံနှင့်ချီသော စည်းကြပ်ခွန် (Tariff) ပြန်အမ်းငွေများကို အမြန်ဆုံးပေးချေရန် အမေရိကန် နိုင်ငံတကာကုန်သွယ်မှုတရားရုံး (US Court of International Trade) က ပြင်းပြင်းထန်ထန် တွန်းအားပေးလိုက်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အမေရိကန်တရားရုံးချုပ်သည် ထရမ့်အစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ စည်းကြပ်ခွန်ကောက်ခံမှုကို တရားမဝင်ကြောင်း ဆုံးဖြတ်ပယ်ချခဲ့သော်လည်း အစိုးရဘက်က ငွေပြန်အမ်းရာတွင် ကြန့်ကြာနေခြင်းဖြစ်သည်။
ဇွန်လ ၉ ရက် အင်္ဂါနေ့ကပြုလုပ်သည့် တရားရုံးကြားနာပွဲတွင် တရားသူကြီး ရစ်ချက် အီတန် (Richard Eaton) က “စည်းကြပ်ခွန်အားလုံးကို ပြန်အမ်းရမည့်အချိန် ရောက်ပြီ” ဟု ပြတ်ပြတ်သားသား ပြောကြားသည်။
ထို့အတူ အစိုးရ၏နှောင့်နှေးမှုကြောင့် သွင်းကုန်လုပ်ငန်းရှင်ကြီးများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများကြား မမျှတမှုများ ပိုမိုကြီးထွားလာနေကြောင်း ၎င်းက ထောက်ပြသည်။
အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးအဖွဲ့ (CBP) ၏ ထုတ်ပြန်ချက်အရ ထရမ့်အစိုးရ၏ တရားမဝင်စည်းကြပ်ခွန်ကောက်ခံမှုကြောင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၆ ဘီလီယံ ကောက်ခံရရှိခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ဒေါ်လာ ၉၀ ဘီလီယံဖိုးရှိသော တောင်းဆိုမှုများကို အစိုးရက စတင်စိစစ်နေပြီး၊ ပထမအဆင့်အနေဖြင့် ဒေါ်လာ ၂၃ ဘီလီယံကို ပြန်အမ်းပေးပြီးဖြစ်ကာ လုပ်ငန်းစဉ်တစ်ခုလုံးတွင် စုစုပေါင်း ဒေါ်လာ ၁၂၇ ဘီလီယံအထိ ပြန်အမ်းရန် လျာထားသည်။
သို့သော်လည်း ကျန်ရှိနေသည့် ငွေပမာဏနှင့်ပတ်သက်၍ အစိုးရဘက်က ငွေစာရင်းပိတ်အတည်ပြုပြီးသား (Liquidation) ဖြစ်နေသည့်အတွက် ပြန်မပေးနိုင်ဟု ငြင်းဆန်နေသဖြင့် လုပ်ငန်းရှင်အသေးစားများအနေဖြင့် ဥပဒေကြောင်းအရ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
ပြီးခဲ့သည့် ဧပြီလတုန်းက တရားသူကြီး အီတန်က ၁၉၇၇ ခုနှစ် အရေးပေါ်စီးပွားရေးအာဏာများ အက်ဥပဒေ (IEEPA) အရ ကောက်ခံခဲ့သည့် စည်းကြပ်ခွန် အားလုံးကို ပြန်အမ်းရန် အမိန့်ထုတ်ခဲ့သော်လည်း အမေရိကန်တရားရေးဝန်ကြီးဌာနက ကုန်သွယ်မှုတရားရုံးတွင် အစိုးရကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အမိန့်မျိုးထုတ်ပိုင်ခွင့်မရှိဟုဆိုကာ အယူခံဝင်ထားသည်။
အခြားတစ်ဖက်တွင်လည်း အသေးစားသွင်းကုန်လုပ်ငန်းရှင် ၅ ခုကို ကိုယ်စားပြုသည့် (V.O.S. Selections) အဖွဲ့က တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အရ စည်းကြပ်ခွန်ပေးဆောင်ခဲ့ရသူ လူတိုင်း ငွေပြန်ရပိုင်ခွင့်ရှိသည်ဟု တုံ့ပြန်ထားပြီး၊ ပထမအဆင့် ငွေပြန်အမ်းမှုတွင် ချန်လှပ်ထားခြင်းခံရသည့် လုပ်ငန်းရှင်အားလုံးအတွက် စုပေါင်းတရားစွဲဆိုမှု (Class-action Lawsuit) ပြုလုပ်နိုင်ရန် ဇွန်လ ၄ ရက်နေ့က ကုန်သွယ်မှုတရားရုံးတွင် လျှောက်ထားလိုက်ပြီဖြစ်သည်။
ထရမ့်အစိုးရ၏ အငြင်းပွားဖွယ် ကုန်သွယ်ရေးမူဝါဒများကြောင့် ကောက်ခံခဲ့သည့် ဒေါ်လာဘီလီယံနှင့်ချီသော ငွေများကို ပြန်အမ်းရန် တရားရုံးက အပြင်းအထန်ဖိအားပေးနေသည့် ဤဖြစ်စဉ်သည် ထရမ့်အစိုးရ၏ ဒုတိယသက်တမ်း စီးပွားရေးမူဝါဒများအပေါ်တွင်ပါ ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း နိုင်ငံတကာစီးပွားရေးလေ့လာသူများက သုံးသပ်ထားကြသည်။
ဓာတ်ပုံ – South China Morning Post
