လူထုတစ်ရပ်လုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားခဲ့ရသည့် ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို စစ်အုပ်စုက ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေခြင်းသည် လက်နက်ကိုင်ပဋိပက္ခများကို ပိုမိုပြင်းထန်လာစေနိုင်သဖြင့် ယင်းစီမံကိန်းကို အပြီးတိုင်ရပ်တန့်ရန် ကချင်အဖွဲ့အစည်းများအပါအဝင် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၂၉ ဖွဲ့က ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။
ဇွန်လ ၉ ရက်နေ့တွင် ကျရောက်သည့် ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခဲ့သည့် အဆိုပါကြေညာချက်တွင် စစ်ကောင်စီက အချိန်အခါမဟုတ်ဘဲ မြစ်ဆုံစီမံကိန်းကို ပြန်စရန် ရန်လိုစွာကြိုးပမ်းနေခြင်းသည် ပါဝင်ပတ်သက်သူများအကြား စိတ်ဝမ်းကွဲပြားမှုကို ပိုမိုကြီးထွားစေကြောင်းနှင့် နောင်အချိန်တွင် ကြုံတွေ့လာရမည့် ကြီးမားသော သဘာဝဘေးအန္တရာယ်များကို တားဆီးနိုင်ရန်အတွက် မြစ်ဆုံစီမံကိန်းကို မဖြစ်မနေ အပြီးတိုင်ရပ်ဆိုင်းရမည်ဖြစ်ကြောင်း ရာဇသံပေးထားသည်။
၂၀၁၁ ခုနှစ် ဇွန်လမှစတင်ခဲ့သည့် ကချင်စစ်ပွဲ ၁၅ နှစ်တာကာလအတွင်း အာဏာသိမ်းစစ်အုပ်စု၏ ခွဲခြားမှုမရှိသော လေကြောင်းတိုက်ခိုက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် လက်ရှိတွင် ကချင်စစ်ဘေးရှောင်ဦးရေဟာ ၂၄၄,၅၀၀ ကျော်အထိ ရှိလာနေပြီး၊ မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
စစ်အုပ်စုသည် ကချင်ပြည်နယ်အတွင်း အင်တာနက်နှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ပစ်မှတ်ထားဖြတ်တောက်ကာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို တမင်ဖန်တီးနေသည်ဟုလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ အဓိကသွေးကြောဖြစ်သော ဧရာဝတီမြစ်ကို ဖျက်ဆီးမည့် စီမံကိန်းကို ရပ်တန့်ရန် တောင်းဆိုသည့်အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ဘေးရှောင်များအတွက် ရန်ပုံငွေတိုးမြှင့်ပေးရန်၊ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် နယ်မြေများသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ တိုက်ရိုက်ပေးပို့ရန်နှင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်စေရေး သံတမန်ရေးရာနည်းလမ်းမျိုးစုံဖြင့် ဖိအားပေးလုပ်ဆောင်ရန် အရပ်ဘက်အဖွဲ့အစည်း ၁၂၉ ဖွဲ့က ပြင်းပြင်းထန်ထန် တိုက်တွန်းတောင်းဆိုထားသည်။
တရားမဝင် မင်းအောင်လှိုင်အစိုးရတုမတက်ခင် ယခုနှစ်ဆန်းပိုင်းကတည်းက မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ဖို့ စစ်အုပ်စုဘက်က အသည်းအသန် ကြိုးပမ်းလာသည့်အတွက် လူထုတစ်ရပ်လုံးနှင့်တကွ ကချင်အရပ်ဘက်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများက ဝိုင်းဝန်းကန့်ကွက်နေကြသည်။
