By Khaosod
ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Sean K. O’Neill နှင့် အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Andrew Bailey တို့သည် ယနေ့ ဗုဒ္ဓဟူးနေ့တွင် အစိုးရအိမ်တော်၌ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် (Anutin Charnvirakul) ထံ သွားရောက်၍ ရုံးထိုင်ခင်းကျင်း ဂါရဝပြု တွေ့ဆုံခဲ့ကြသည်။
အဆိုပါ လာရောက်တွေ့ဆုံမှုသည် ထိုင်းနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် “၂၆ ကြိမ်မြောက် FBINAA အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ပြန်လည်လေ့ကျင့်ရေး ညီလာခံ” အပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ယင်းညီလာခံတွင် ဒီဂျစ်တယ်ခေတ်ကာလအတွင်း နယ်စပ်ဖြတ်ကျော် အုပ်စုဖွဲ့ ရာဇဝတ်မှုများကို တိုက်ဖျက်နှိမ်နင်းရေး အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယခုတွေ့ဆုံမှုတွင် တနေ့တခြား ပိုမိုရှုပ်ထွေးလာပြီး နယ်နိမိတ်စည်းခြားမှုမရှိသော ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုများကို ပူးပေါင်းတိုက်ဖျက်သွားမည့် ကိစ္စရပ်များ ပါဝင်သည်ဟု ဆိုသည်။
တွေ့ဆုံမှုအပြီးတွင် ဝန်ကြီးချုပ် အနုတင်က အမေရိကန်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ထိုင်းနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် များစွာချီးကျူးဂုဏ်ပြုခဲ့သည်။
ဆွေးနွေးပွဲနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
