မြန်မာကလေးသူငယ် ၅သန်းမှာ အသက်ရှင်သန်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုအကူ အညီ အရေးပေါ်လိုအပ်နေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။
ဇွန်လ၈ရက်က ကျင်းပသည့် ကုလသမဂ္ဂအစည်းအဝေးတစ်ရပ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအ မြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။
မြန်မာလူဦးရေ၏ သုံးပုံတစ်ပုံမှာ စာနာမှုအကူအညီ အရေးပေါ်လိုအပ်နေသော်လည်း စစ်အုပ်စု အနေဖြင့် ၎င်းတို့၏ အကျင့်စရိုက်များကို ပြောင်းလဲခြင်း လုံးဝမရှိဘဲ အရပ်သားပြည်သူနေထိုင်ရာ နေရာဒေသများအပေါ် ဆက်လက် ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ယနေ့တိုင် ကျူးလွန်မြဲဖြစ်ကြောင်းလည်း ပြောသည်။
“အခု မင်းအောင်လှိုင် ခေါင်းပေါင်းစွပ်ပြီးတဲ့နောက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေက ပိုများ လာတယ်လို့ ထင်တယ်။သူတို့ကိုယ်သူတို့ အရပ်သားအစိုးရဆိုပြီး အယောင်ဆောင်ပြနေပေမဲ့ ပြည်သူ သတ်တာကိုတော့ မြိန်ရေယှက်ရေ လုပ်မြဲပါပဲ”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ် ဦးက MPAသို့ပြောသည်။
ထို့အပြင် ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော စစ်အုပ်စု၏ လက်ရာဖြစ်သည့် လူလုပ် ဖန်တီးထားသော အကျပ်အတည်းဒုက္ခ၏ဒဏ်ကို အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ခါးစည်းခံနေကြောင်း သံအမတ်ကြီးက ပြောသည်။
ဆက်လက်ပြီး သံအမတ်ကြီးက မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ယခုကဲ့သို့သော သမိုင်းဝင် ကူးပြောင်းမှုတွင် ရှေ့တန်းက ဦးဆောင်နေကြသည့် အင်အားစုများ ဖြစ်ကြကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းအနေဖြင့် ၎င်းတို့နှင့်အတူ ခိုင်ခိုင်မာမာရပ်တည်ပေးရန် မျှော်လင့်ကြောင်းလည်း ဆိုသည်။
ဓာတ်ပုံ- ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
ပုံစာ-ဇွန်၈ရက်တွင် ကုလအစည်းအဝေးတက်ရောက်နေသော သံအမတ်ကြီး။
