By Reuters
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို လေ့လာသိရှိနိုင်ရန်နှင့် အဖြေရှာနိုင်ရန်အတွက် လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ရှိကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဌဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို (Ma. Theresa Lazaro) က ယနေ့တွင် ပြောကြားလိုက်သည်။
တိုကျိုမြို့တွင် Nikkei က ကြီးမှူးကျင်းပသည့် ဖိုရမ်တစ်ခုတွင် လာဇာရိုက “မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ တွေ့ဆုံဖို့ ကျွန်မ ရည်ရွယ်ထားပါတယ်။ အခြေအနေတွေက ဘာလဲဆိုတာကို သိရှိဖို့နဲ့ ကျွန်မတို့အနေနဲ့ ဘယ်လိုမျိုး တကယ်တမ်း ကူညီပေးနိုင်မလဲဆိုတာကို ရှာဖွေသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ယူထားရပြီး၊ သမ္မတ ဖာဒီနန် မားကော့စ် ဂျူနီယာက လာဇာရိုအား မြန်မာနိုင်ငံဆိုင်ရာ ၎င်း၏အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားခြင်း ဖြစ်သည်။
သို့သော်လည်း လာဇာရိုက မည်သည့်အဖွဲ့များနှင့် တွေ့ဆုံမည်၊ မည်သည့်နေရာတွင် တွေ့ဆုံမည် ဆိုသည့် အသေး စိတ်အချက်အလက်ကိုမူ တိတိပပ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
“ဒီကိစ္စ ဘယ်လိုအလုပ်ဖြစ်မလဲဆိုတာကို ကျွန်မတို့ ဆက်ကြည့်ရမှာပါ” ဟု လာဇာရိုက ထပ်လောင်းပြောဆိုသည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအား စစ်တပ်က ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီးနောက်ပိုင်း၊ တော်လှန်ရေးအဖွဲ့များ စုဖွဲ့ထားသည့် မဟာမိတ်အဖွဲ့များ ပါဝင်လာသည့် ပြည်တွင်းစစ်ကြောင့် ပဋိပက္ခများဖြင့် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်။
မြန်မာစစ်ခေါင်းဆောင်ပိုင်းကို အာဆီယံ၏ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သော်လည်း၊ ဧပြီလတွင် အစိုးရအသစ် တက်လာခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံနိုင်မည့် နည်းလမ်းများကို အာဆီယံဒေသတွင်းအဖွဲ့ကြီးက ရှာဖွေနေခဲ့သည်။
မြန်မာနိုင်ငံ၏ အတုအယောင် သမ္မတ မင်းအောင်လှိုင်ကလည်း ၎င်း၏ အစိုးရသစ်အနေဖြင့် အာဆီယံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ကြိုးပမ်းသွားမည်ဟု ပြောကြားထားသည်။
