မြောက်ဒဂုံတွင် ပျောက်ဆုံးနေသည့် Grade-6 ကျောင်းသား ရေကန်အတွင်း အသတ်ခံထားရ

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က ကျောင်းဆင်းပြီးနောက် နေအိမ်မှ ပြန်လည်ထွက်ခွာသွားပြီး ပျောက်ဆုံးနေသည့် အသက် ၁၃ နှစ်အရွယ် ဆဋ္ဌမတန်း (Grade-6) ကျောင်းသားငယ်တစ်ဦးမှာ ရေကန်တစ်ခုအတွင်း၌ အသတ်ခံထားရသည့် ရုပ်အလောင်းအဖြစ် ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

သေဆုံးသူ ကျောင်းသားငယ်မှာ မြောက်ဒဂုံမြို့နယ်၊ ၃၉ (A) ရပ်ကွက်၊ သစ္စာ ၄ လမ်း၊ အိမ်အမှတ် (၁၁) တွင် နေထိုင်သည့် ဦးစိုင်းဝဏ္ဏနှင့် ဒေါ်ချောစုဝင်းတို့၏ သားဖြစ်သူ မောင်မင်းခန့်ဇော် ဖြစ်သည်။

၎င်းသည် ဇွန်လ ၈ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်တွင် နေအိမ်မှ ထွက်ခွာသွားပြီးနောက် ညအထိ ပြန်လည်ရောက်ရှိမလာသဖြင့် မိသားစုဝင်များက ဖုန်းအဆက်အသွယ်မရဘဲ တစ်ညလုံး လိုက်လံရှာဖွေခဲ့ကြရသည်။

“တူလေးဆုံးပြီ ရေကန်ထဲမှာ အသတ်ခံထားရပါတယ်။ လုပ်ရက်လိုက်ကြတာ” ဟု မောင်မင်းခန့်ဇော် အဒေါ်ဖြစ်သူ Moe Makha Makha က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယင်းသို့ ပျောက်ဆုံးနေစဉ်အတွင်း ၎င်း၏အဒေါ်ဖြစ်သူ Moe Makha Makha က ကလေးငယ်အား တွေ့ရှိပါက အကြောင်းကြားပေးရန် လူမှုကွန်ရက်စာမျက်နှာထက်တွင် အကူအညီတောင်းခံခဲ့သော်လည်း၊ နောက်ပိုင်းတွင် ကောင်လေးငယ်မှာ ရေကန်တစ်ခုအတွင်း၌ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံထားရသည့် ရုပ်အလောင်းအဖြစ် ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။